တည်ငြိမ်အေးချမ်းမှ တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီပြော
တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို တည်ငြိမ်အေးချမ်းမှသာ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းပြီး ပြန်ဖွင့်မယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ နိုဝင်ဘာလ ၂၂ ရက်နေ့ ဖော်ပြပါတယ်။
-
RFA Burmese
2024-11-22 -
-
-
တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို တည်ငြိမ်အေးချမ်းမှသာ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းပြီး ပြန်ဖွင့်မယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ နိုဝင်ဘာလ ၂၂ ရက်နေ့ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်ဟာ တရုတ်နိုင်ငံထဲကတစ်ဆင့် တရုတ်-မြန်မာနယ်စပ်ကို သွားရောက်ချိန် တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးချိန် ပြောဆိုခဲ့တာပါ။
လက်ရှိမှာ ကုန်စည်ပို့ဆောင်ရေးအတွက် မဟုတ်ဘဲ လူအဝင်၊ အထွက်အတွက် ပြန်လည်ခွင့်ပြုထားတဲ့ မူဆယ်မြို့ နန်းတော်ဂိတ်ကနေလည်း တရားမဝင် ဝင်ထွက်မှုတွေ မရှိစေရေးနဲ့ နိုင်ငံပြင်ပကို ထွက်ခွာခွင့်မရှိသူတွေကိုလည်း စိစစ်ကြပ်မတ်မယ်လို့ စစ်ကောင်စီဝန်ကြီးက ပြောပါတယ်။
တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းကို စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထံ မရောက်နိုင်အောင် နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံဘက်က ပိတ်ထားတာပါ။
စစ်ကောင်စီက ပြောဆိုတဲ့ တည်ငြိမ်အေးချမ်းရေးဆိုတာကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို စစ်ကောင်စီက ပြန်လည်ရယူပြီး နယ်စပ်ဂိတ်တွေကို စစ်ကောင်စီထိန်းချုပ်နိုင်တဲ့အခြေအနေကို ဆိုလိုတာဖြစ်နိုင်ကြောင်း နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက RFA ကို ပြောပါတယ်။
ဒါကြောင့် နယ်စပ်ကုန်သွယ်ရေးက စစ်ကောင်စီ ပြုတ်ကျမှပဲ ပြန်ကောင်းလာနိုင်မယ်လို့ နိုင်ငံရေးဆောင်းပါးရှင်က သုံးသပ်ပါတယ်။
"နယ်စပ်ကုန်သွယ်ရေးက တရုတ်နဲ့ တင်မဟုတ်ပါဘူး။ ထိုင်းနဲ့ရော၊ အိန္ဒိယနဲ့ပါ ပျက်သလောက်ဖြစ်နေပြီ။ လောလောဆယ်တော့ ဒီတော်လှန်ရေးတွေ မပြီးဆုံးမချင်း နယ်စပ်ကုန်သွယ်ရေးဆိုတာက ပြန်ကောင်းလာစရာ အကြောင်းမရှိဘူး"
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့ ဆင်ဖြူဂိတ်ကိုတော့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ လူအဝင်အထွက် ကိစ္စတွေအတွက် တရုတ်အာဏာပိုင်တွေက ပြန်ဖွင့်ပေးထားပါတယ်။
တရုတ်နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အောက်တိုဘာလ ၂၃ ရက်နေ့မှာ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့အထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။