မူဆယ်နယ်စပ် ဆင်ဖြူဂိတ်ကို တရုတ်ဘက်က ယာယီပိတ်
မူဆယ်မြို့ ဆင်ဖြူနယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်တွေက ဧပြီလ ၃၀ ရက် ဒီနေ့မနက်ပိုင်းကစပြီး ယာယီပိတ်လိုက်ပါတယ်။
-
RFA Burmese
2023-04-30 -
-
-
မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ဆင်ဖြူနယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်တွေက ဧပြီလ ၃၀ ရက် ဒီနေ့မနက်ပိုင်းကစပြီး ယာယီပိတ်လိုက်တယ် လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံက ကန့်သတ်ထားတဲ့ ခပေါင်းစီးကရက်တွေ မြန်မာဘက်က သွင်းလာတာ ကြောင့် ပိတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဆင်ဖြူဂိတ်မှာ ရေးထားတာက ခပေါင်းစီးကရက်တွေကို မဝင်ရဘူးလို့ တားမြစ်ထား တာ။ အဲဒါကို မြန်မာဘက်က တင်တော့ သိသွားတယ်။ ဆင်ဖြူဂိတ်မှာက တနိုင်တစ်ပိုင် ကုန်သွယ်ရေးလုပ်ငန်း လုပ်တဲ့သူတွေ ကုန်သွယ်ခွင့်ရှိတယ်။ အဲဒါဖြစ်နေတာက ၂၈ ရက်လောက်ကတည်းက အခုတော့ ဂိတ်ကိုပိတ်ပြီး ယာယီရပ်ဆိုင်းထားတယ်”
ဆင်ဖြူဂိတ်ကို တရုတ်ဘက်က ပိတ်လိုက်တာကြောင့် တနိုင်တစ်ပိုင်လုပ်နေကြတဲ့ ကုန်သည်တွေ အခက်အခဲဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ကုန်သည်တွေဟာ အဲဒီဂိတ်ကနေ ကုန်စည်ကူးသန်းမှုနဲ့ သယ်ယူပို့ဆောင်ရေးအတွက် တစ်ရက်ကို ပျမ်းမျှမြန်မာငွေကျပ် ခုနစ်သောင်းကနေ တစ်သိန်းဝန်းကျင် ဝင်ငွေရနေ ကြတာပါ။
မူဆယ်အခြေစိုက် ကုန်သည်လုပ်ငန်းရှင်တွေကတော့ ဆင်ဖြူဂိတ်ပိတ်တာ အချိန် သိပ်မကြာလောက်ဘူးလို့ ခန့်မှန်းကြပေမယ့် ဘယ်လောက်အထိ ပိတ်ထားမလဲ ဆိုတာတော့ တိတိကျကျမသိရသေးဘူးလို့ ပြောကြပါတယ်။
ဆင်ဖြူဂိတ်ကနေ အိမ်သုံးပစ္စည်းတွေကို တရုတ်ဘက်ကနေ တင်သွင်းသလို မြန်မာဘက်ကလည်း စားသောက်ကုန်တွေ တရုတ်ဘက်ကို တင်ပို့ကြပါတယ်။
တရုတ်နိုင်ငံဟာ သူတို့ဘက်အခြမ်း ဂျယ်ဂေါင်နဲ့ ရွှေလီအတွက် နယ်စပ်ဖြတ်ကျော်ခွင့်ကို မြန်မာနိုင်ငံမှာရှိတဲ့ မူဆယ်နဲ့ နမ်းခမ်းမှာ နေထိုင်သူတွေကိုပဲ ခွင့်ပြုပေးထားပါတယ်။