ချင်းမိုင်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နဲ့ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရ

ချင်းမိုင်ခရိုင် ဒွိုင်စကက်မြို့နယ်ထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖျန့်) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ခုနစ်ဦးနဲ့ မြန်မာနိုင်ငံသား ခြောက်ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်တွင် ဖမ်းဆီးခံခဲ့ရသော အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေကြသည့် တရုတ်နှင့် မြန်မာနိုင်ငံသား ၁၃ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဥ်။ The Pattaya News Photo

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဒွိုင်စကက်မြို့နယ်ထဲမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖျန့်) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ခုနစ်ဦးနဲ့ မြန်မာနိုင်ငံသား ခြောက်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ The Pattaya News က ဇွန်လ ၂၉ ရက်နေ့မှာ ဖော်ပြပါတယ်။

အခုလို ဖမ်းဆီးမိခဲ့တာကို ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (CCIB) က ဇွန်လ ၂၈ ရက်နေ့မနက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ကြေညာခဲ့တာလို့ ဆိုပါတယ်။

ဒွိုင်စကတ်မြို့နယ်မှာရှိတဲ့ နေအိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့က သက်သေအထောက်အထားတွေ စုစည်းပြီး ချင်းမိုင်တရားရုံးက ရှာဖွေဝရမ်းနဲ့ ဝင်ရောက်စီးနင်းစစ်ဆေးရာမှာ ဖမ်းဆီးရမိသူ ၁၃ ဦးအပြင် မိုဘိုင်းဖုန်း ၉၄ လုံး၊ လက်တော့ကွန်ပျူတာ ရှစ်လုံးနဲ့အတူ တခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းမိတယ်လို့ ဖော်ပြပါတယ်။

အခုဖမ်းဆီးမိသူတွေဟာ တရုတ်နိုင်ငံသားတွေကို ကာလရှည်ရင်းနှီးမြှပ်နှံမှုနဲ့ အာမခံလုပ်ငန်းတွေနဲ့ လိမ်လည်မှုတွေ လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။ တစ်ရက်ကို လူဆယ်ဦးအထက် လိမ်လည်ပြီး ထိုင်းဘတ်ငွေ တစ်သန်းကျော်ရရှိနေတယ်လို့ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေမှာ ပါဝင်မှု၊ လျှို့ဝှက်အဖွဲ့အစည်း ဖွဲ့စည်းမှု၊ ပြည်သူတွေကို လိမ်လည်မှု အပါအဝင် အခြားဆက်စပ်ပြစ်မှုတွေနဲ့ တရားစွဲဆိုခံထားရတယ်လို့ The Pattaya News က ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org