ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ချင်းပြည်ကောင်စီညီလာခံ အတည်ပြု
ချင်းပြည်ကောင်စီ ညီလာခံကို CNF ဌာနချုပ်ရှိရာ ဗစ်တိုရီးယားမှာ ကျင်းပခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပါတယ်။
-
RFA Burmese
2023-12-07 -
-
-
ချင်းပြည်ကောင်စီ ညီလာခံကို ဒီဇင်ဘာ ၄ ရက်နေ့ကနေ ၇ ရက်နေ့အထိ ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ရှိရာ ဗစ်တိုရီးယားမှာ ကျင်းပခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တယ်လို့ ဒီဇင်ဘာ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ချင်းပြည်ကောင်စီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီဇင်ဘာ ၆ ရက်နေ့ အစည်းအဝေးမှာ အတည်ပြုခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ချင်းပြည်ကောင်စီကို ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
ချင်းပြည်ကောင်စီကို အမျိုးသားကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းပြည် တည်ဆောက်ဖို့၊ နိုင်ငံရေးနဲ့ အမျိုးသားတန်းတူရေး အာမခံချက်ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီ တည်ဆောက်ရေးတို့ကို ရည်ရွယ် ဖွဲ့စည်းခဲ့တာလို့ ချင်းပြည်ကောင်စီညီလာခံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရက်ပေါင်း ၆၀ အတွင်း ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရအဖွဲ့နဲ့ ချင်းပြည် တရားလွှတ်တော်ချုပ်တို့ကို ဖွဲ့စည်းသွားမယ်လို့လည်း ဆိုပါတယ်။
ချင်းပြည်ကောင်စီညီလာခံကို ချင်းအမျိုးသားတပ်ဦး (CNF) ကိုယ်စားလှယ်တွေ၊ ချင်းလွှတ်တော်အစုအဖွဲ့က ကိုယ်စားလှယ်တွေ၊ မြို့နယ်နဲ့ ဒေသအစုအဖွဲ့က ကိုယ်စားလှယ်တွေ၊ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေ အပါအ၀င် စုစုပေါင်း ၂၅၀ ကျော် တက်ရောက်ခဲ့တယ်လို့ ချင်းပြည်ကောင်စီ ညီလာခံက ထုတ်ပြန်ထားပါတယ်။
ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ CNDF၊ CDF မင်းတပ်နဲ့ PDF Zoland တို့ကတော့ ချင်းပြည်ကောင်စီ ဖြစ်မြောက်ရေး ညီလာခံကို တက်ရောက်မှာ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ပြောဆိုထားကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်သူတွေ ရေးဆွဲထားတဲ့ ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပထမဆုံး အတည်ပြုလိုက်တာလည်းဖြစ်ပါတယ်။