ကျင်ဒွေးမြို့ကို သိမ်းပိုက်လိုက်ကြောင်း ချင်းတော်လှန်ရေးအဖွဲ့တွေ ပြော
ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့က AA၊ ချင်းညီနောင်အဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တယ်လို့ ချင်းညီနောင်အဖွဲ့မှာပါဝင်တဲ့ CDF မင်းတပ်အဖွဲ့က ပြောပါတယ်။
-
RFA Burmese
2024-04-30 -
-
-
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ညပိုင်းက ရက္ခိုင့်တပ်တော် (AA)၊ ချင်းညီနောင်အဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တယ်လို့ ချင်းညီနောင်အဖွဲ့မှာပါဝင်တဲ့ CDF မင်းတပ်အဖွဲ့က ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကစလို့ ကျင်ဒွေးမြို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာတော့ (AA) အကူအညီနဲ့ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမာန်က RFA ကို ပြောပါတယ်။
“သိမ်းတယ်လို့ အတည်ပြုလို့ရပါပြီ။ ဒီနေ့မှာပဲ သက်ဆိုင်ရာအဖွဲ့တွေက သတင်းထုတ်ပြန်လာပါလိမ့်မယ်။ ချင်းညီနောင်အဖွဲ့တွေ၊ AA ရယ်၊ ပြီးတော့ PDF တွေလည်း ပါပါတယ်၊ ဂန့်ဂေါခရိုင်ကရော ပါ ပါတယ်။ LDF တွေ ရောပါတယ်။ အားလုံးဝိုင်းဝန်းပူးပေါင်းတိုက်ခဲ့တာပါ”
တိုက်ပွဲအတွင်း နှစ်ဖက်သေဆုံးထိခိုက်မှုကိုတော့ တော်လှန်ရေးအဖွဲ့တွေဘက်က ထုတ်မပြောသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီးတုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ချင်းပြည်နယ် မတူပီမြို့နယ်က လိုင်လင်းပီ၊ ရေဇွာ၊ ထန်တလန်မြို့နယ်က နှာရိန်၊ ဟားခါးမြို့နယ်က ဆူခွာ၊ ဖလမ်းမြို့နယ်က ဝေဘူလ၊ ရိဒ်ခေါဒါရ်နဲ့ မင်းတပ်မြို့နယ်က မကွီးအိမ်နူး စတဲ့မြို့တွေကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။