ချင်းပါတီ ၃ ခု ပေါင်းစည်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD တည်ထောင်

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ နဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ကို ဒီနေ့ စတင်ဖွဲ့စည်းလိုက်ကြောင်း ကြေညာ လိုက်ပါတယ်။

ချင်းနိုင်ငံရေးပါတီများ ပေါင်းစည်းခြင်း အခမ်းအနားကို ၂၀၁၈၊ စက်တင်ဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပစဉ် Photo: Thant Zin Oo/ RFA

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ နဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD ကို ဒီနေ့ စတင်ဖွဲ့စည်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။

ချင်းပါတီတွေ ပေါင်းစည်းပြီး ရွေးကောက်ပွဲဝင်ရင် အောင်နိုင်ချေပိုရှိသလို ရည်ရွယ်ချက်ချင်းလည်း တူညီတာကြောင့် ပေါင်းစည်းဖြစ်တာလို့ ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးနိုထန်ကပ် က RFA ကို ဒီနေ့ ပြောပါတယ်။

"အဓိက ပုံရိပ်က ချင်းပြည်သူတွေရဲ့ လိုလားချက်ပေါ့၊ နောက်ပြီးတော့ စုပေါင်းပြီးတော့ ရွေးကောက်ပွဲမှာဝင်ရင် အောင်နိုင်ချေလည်း ပိုရှိတယ်လေ၊ ကန်ပက်လက်၊ မတူပီနဲ့ တမူးမှာ ၃ နေရာစလုံး ကျနော်တို့ ချင်းပါတီ ၃ ခု ကနေ ပြိုင်ပါတယ်၊ တတိယအချက်က ကျနော်တို့ ရည်ရွယ်ချက်ချင်းလည်း တူတယ်၊ ဒီတိုင်း ပါတီသီးခြား ရှိနေတာထက် တစ်ပါတီဖြစ်လာရင် အသံတစ်သံ ပိုထွက်မှာပေါ့၊ ဒီရည်ရွယ်ချက်ပါ"

ချင်းပါတီ ၃ ခု ပေါင်းစည်းပွဲကို ဒီနေ့ညနေပိုင်းမှာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ရဖို့၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ဖို့၊ ၂၁ ရာစု ပင်လုံညီလာခံ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့ ပူးပေါင်းတာဖြစ်တယ်လို့ ပါတီပေါင်းစည်းပွဲအပြီး ဒီနေ့ ညနေပိုင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လာမယ့် ၂၀၁၈ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်သလို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ချင်းပြည်နယ်က မဲဆန္ဒနယ် ၁၈ နေရာလုံးမှာ အနိုင်ရပြီးရင် ချင်းတိုင်းရင်းသားတွေပဲ ဦးဆောင်ပါဝင်တဲ့ အစိုးရ ဖွဲ့မယ်လို့ ပြောပါတယ်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်တဲ့ ဥပဒေ ပုဒ်မ ကိုလည်း ပြင်ပေးစေလိုတယ်လို့ သိရပါတယ်။

လက်ရှိမှာ လွှတ်တော်ထဲကို ချင်းပါတီတွေ မရောက်နိုင်တဲ့အတွက် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထဲထဲဝင်ဝင် မဆောင်ရွက်နိုင်ဘူးဖြစ်နေတယ်လို့လည်း ဦးနိုထန်ကပ် က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ပါတီသစ် မှတ်ပုံတင်ကျတဲ့အထိ လက်ရှိ ပါတီတစ်ခုစီက တစ်ယောက်စီ ဥက္ကဋ္ဌ တာဝန်ယူသွားမယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org