မြန်မာ ကလေးစစ်သားဟောင်း အမေရိကန်လွှတ်တော်မှာ ထွက်ဆိုမည်

မြန်မာအစိုးရက ကလေးစစ်သားတွေ အသုံးပြုနေတယ် ဆိုတာကို အမေရိကန် အောက်လွှတ်တော်မှာ ဝန်ခံထွက်ဆိုမယ့် ကိုဟိန်းမင်းအောင် ကို အမေရိကန်နိုင်ငံ မေရီလဲန်းနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား မိသားစုတွေက မနေ့ကညနေပိုင်းက ကြိုဆိုပွဲတခု ကျင်းပခဲ့ကြပါတယ်။

ကိုဟိန်းမင်းအောင်ဟာ ပြည်မြို့ဇာတိ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ် အသက် ၁၄ နှစ်သားအရွယ်မှာ သူငယ်ချင်းတွေနဲ့ ညဘက် လည်ပတ်ပြီး အိမ်အပြန်မှာ လူသုံးယောက်က သူတို့ကို မှောင်ရိပ်ခိုမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။ နောက်တနေ့မှာ တခြား အသက်မပြည့်သေးတဲ့ ကလေး ၁၃ ယောက်နဲ့အတူ ဒညင်းကုန်း စစ်သားစုဆောင်းရေးတပ်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ကိုဟိန်းမင်းအောင်ဟာ ၂ဝဝဝ ခုနှစ်မှာ မွန်ပြည်နယ် ခလရ (၃၄၃) မှာ တာဝန်ကျပြီး ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် စစ်ဆင်ရေးကာလမှာ စစ်တပ်ကနေ ထွက်ပြေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒုက္ခသည်အဖြစ် လျှောက်ထားပြီး နယူးဇီလန်နိုင်ငံမှာ အခြေချ ရောက်ရှိနေထိုင်ခဲ့ပါတယ်။

မြန်မာစစ်အစိုးရက ကလေးစစ်သားတွေ အသုံးပြုနေတာကို သက်သေပြတဲ့အနေနဲ့ အမေရိကန် အောက်လွှတ်တော်အမတ် Eddie Johnson ကမကထပြုပြီး အောက်လွှတ်တော် ကြားနာပွဲတရပ်ကို လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ ကျင်းပတဲ့အခါ ကိုဟိန်းမင်းအောင်က ထွက်ဆိုသွားမှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org