ချောင်းဦးမြို့နယ် ခင်မွန်ရွာမှာ အိမ် ၆၀ မီးလောင်ပြီး သေဆုံးသူထပ်တိုး
အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိတဲ့ ခင်မွန်ရွာကို အင်အား ၁၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဟာ မတ်လ ၃ ရက်နေ့က လက်နက်ကြီးပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
-
RFA Burmese
2023-03-04 -
-
-
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာကို မတ်လ ၃ ရက်နေ့မှာ စစ်ကောင်စီတပ် ဝင်ရောက်မှုကြောင့် နေအိမ် ၆၀ မီးလောင်ပျက်စီးခဲ့ရပြီး နောက်ထပ်တစ်ဦး ထပ်မံ သေဆုံးတာကြောင့် သေဆုံးသူသုံးဦး အထိ ရှိလာပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ခင်မွန်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်ရာမှာ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရပြီး မတ်လ ၄ ရက်နေ့မှာ ၁၂ အရွယ် ယောက်ျားလေးတစ်ဦး ထပ်မံသေဆုံးတာလို့ ဒေသခံတွေက ပြောပါတယ်။
"(မီးရှို့ခံရတဲ့နေအိမ်) ၆၀ လောက်ရှိသွားပြီ၊ ကျနော်ပတ်ကြည့်တာတော့။ ဒီနေ့ အခြေအနေကတော့ သူတို့မနက်ပိုင်းက ဝင်လာပြီး ပြန်ထွက်သွားတယ်ဗျ။ ဒေသခံ တွေကတော့ ပြန်မကပ်နိုင်သေးဘူးဗျ။ ဟုတ်တယ် (သေဆုံးတာ) ၁၂ နှစ်အရွယ် တစ်ယောက် ထပ်ဆုံးတယ်ဗျ"
သေဆုံးသူတွေဟာ ခင်မွန်ရွာက အသက် ၁၂ နှစ်အရွယ် ကိုပြည့်ဖြိုးဦး၊ အသက် ၆၀ အရွယ် ဒေါ်စမ်းကြည်နဲ့ အသက် ၅၀ အရွယ် ဦးဖိုးမင်းတို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီ့အပြင် ဒေသခံသုံးဦးလည်း ထိခိုက်ဒဏ်ရာ ရရှိထားပါတယ်။
အိမ်ခြေ ၁၅၀၀ ဝန်းကျင်ရှိတဲ့ ခင်မွန်ရွာကို အင်အား ၁၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဟာ မတ်လ ၃ ရက်နေ့က လက်နက်ကြီးပစ်ခတ်ကာ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
မုံရွာဘက်ကထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ခင်မွန်ရွာ စီးနင်းခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိပါဘူး။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကတော့ ခင်မွန်ရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပေမယ့် အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
လက်ရှိမှာတော့ ဒေသခံခြောက်ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။