တယ်လီနောကို ကုမ္ပဏီအသစ် Atom အဖြစ် အမည်ပြောင်းလဲ
စစ်တပ်နဲ့ နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ လက်ဘနွန်အခြေစိုက် M1 Group တို့က ပြန်လည်ဝယ်ယူထားတဲ့ တယ်လီနော (မြန်မာ) ကို အက်တမ်မြန်မာအမည်သစ်နဲ့ လုပ်ငန်းတွေ ဆက်လည်ပတ်သွားမယ်လို့ အဲဒီကုမ္ပဏီက ဇွန်လ ၂ ရက် မနေ့က ကြေညာပါတယ်။
- 2022-06-03
-
-
-
စစ်တပ်နဲ့ နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ လက်ဘနွန်အခြေစိုက် M1 Group တို့က ပြန်လည်ဝယ်ယူထားတဲ့ တယ်လီနော (မြန်မာ) ကို အက်တမ်မြန်မာအမည်သစ်နဲ့ လုပ်ငန်းတွေ ဆက်လည်ပတ်သွားမယ်လို့ အဲဒီကုမ္ပဏီက ဇွန်လ ၂ ရက် မနေ့က ကြေညာပါတယ်။
မူလနာမည် Telenor Myanmar Limited ကနေ Atom Myanmar Limited အဖြစ် မေလ ၃၀ ရက်နေ့ကတည်းက စပြောင်းလိုက်တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ကုမ္ပဏီအသစ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ နာမည်အသစ်ပြောင်းလဲခဲ့ပေမယ့် လက်ရှိ ပုံမှန်ဝန်ဆောင်မှု လုပ်ငန်းတွေအပေါ်မှာ ဘာမှ အကျိုးသက်ရောက်သွားမှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ ရှစ်နှစ်ကြာလုပ်ကိုင်ခဲ့တဲ့ တယ်လီနော (မြန်မာ) ရဲ့ ဆက်သွယ်ရေးလုပ်ငန်း အားလုံးကို စစ်တပ်နဲ့ နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ လက်ဘနွန်အခြေစိုက် M1 Group ထံ အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချမှုကို စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က မတ်လ ၁၅ ရက်နေ့က အတည်ပြုပေးခဲ့ပါတယ်။
နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီကတော့ တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းနဲ့ သူ့ရဲ့ ကိုယ်ပိုင် လူ့အခွင့်အရေး စံတန်ဖိုးတွေကို လိုက်နာချင်ပေမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့ ဥပဒေတွေဟာ ဥရောပဥပဒေတွေနဲ့ ကိုက်ညီမှုမရှိတာကြောင့် မြန်မာနိုင်ငံကနေ ပြန်ထွက်ရတာလို့ မတ်လ ၁၈ ရက် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ပိုင်ရှင်အသစ် ပြောင်းသွားတဲ့အတွက် သုံးစွဲသူတွေရဲ့ မှတ်ပုံတင်ထားတဲ့ ဆင်းမ်ကတ် အချက်အလက်တွေ၊ အွန်လိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းက အချက်အလက်တွေ အပါအဝင် လက်ရှိ ကွန်ရက်ပေါ်က ဖြတ်သန်းသမျှ သတင်းအချက်လက်အားလုံးနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အလွယ်တကူ ဝင်ရောက်ကြည့်ရှုမှာကို သုံးစွဲသူတွေနဲ့ နည်းပညာကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။