ပို့ကုန်ရငွေ စောစောပေးဖို့ ဗဟိုဘဏ်သတ်မှတ်

ပို့ကုန်ကရတဲ့ ငွေတွေကို မူလက ရက် ၉၀၊ ၄၅ ရက် စသဖြင့် သတ်မှတ်ထားရာကနေ စောစောပြန်ထည့်သွင်းဖို့ ဗဟိုဘဏ်က ဒီဇင်ဘာ ၂၅ ရက်မှာ ပြင်ဆင်လိုက်ပါတယ်။

ရန်ကုန်မြို့ရှိ နိုင်ငံတကာ ကုန်တင်ကုန်ချဆိပ်ကမ်းကို ၂ဝ၂၁ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းက တွေ့ရစဉ်။ RFA

ပို့ကုန်ကရတဲ့ ငွေတွေကို မူလက ရက် ၉၀၊ ၄၅ ရက် စသဖြင့် သတ်မှတ်ထားရာကနေ စောစောပြန်ထည့်သွင်းဖို့ ဗဟိုဘဏ်က ဒီဇင်ဘာ ၂၅ ရက်မှာ ပြင်ဆင်လိုက်ပါတယ်။

အာရှနိုင်ငံတွေကို ပို့တဲ့ ပို့ကုန်ရငွေကို ၄၅ ရက်အတွင်း ပြန်ထည့်သွင်းရမယ့်အစား ရက် ၃၀ အဖြစ် ပြောင်းလဲ လိုက်တယ်လို့ ဖော်ပြထားပါတယ်။

အခြားနိုင်ငံတွေကို ပို့တဲ့ ပို့ကုန်ရငွေတွေကို ရက် ၉၀ သတ်မှတ်ထားရာကနေ ရက် ၆၀ အတွင်း ပြန်လည်ထည့်သွင်းဖို့ ဗဟိုဘဏ်က သတ်မှတ်လိုက်တာပါ။

ဒီလို သတ်မှတ်ချက်ကြောင့် စီပွားရေးလုပ်ကိုင်ရတာ ပိုခက်ခဲသွားတယ်လို့ ပို့ကုန် လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"ပိုပြီး လုပ်ရကိုင်ရ ခက်သွားတာပဲ ရှိမှာပေါ့။ ရက်တောင် နည်းနည်းပိုတောင်းနေတာကိုး။ သတ်မှတ်ရက် အတောအတွင်း ပိုက်ဆံတွေ ဘာတွေ မဝင်သေးတာက အများကြီး ရှိတယ်လေ။ ဝင်လာပြီး ကိုယ့်လက်ထဲကနေ ချက်ချင်းပြန်ထွက်ရသလို ဖြစ်သွားတာ ပေါ့"

ဗဟိုဘဏ်ဟာ ပို့ကုန်ရငွေတွေကို သတ်မှတ်ရက်အတွင်း ပို့ကုန်တင်ပို့သူရဲ့ ဘဏ်အကောင့် ထဲကို နိုင်ငံခြားငွေနဲ့ မပျက်မကွက် ထည့်သွင်းခိုင်းပါတယ်။

ပြီးရင်တော့ ပို့ကုန်ရငွေ နိုင်ငံခြားငွေရဲ့ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ မြန်မာငွေကို ပြန်လဲလှယ်ဖို့ ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း ပြင်ဆင်သတ်မှတ်ထားပါတယ်။

ကျန်တဲ့ ၆၅ ရာခိုင်နှုန်းကိုတော့ အရင်အတိုင်း အွန်လိုင်းစနစ်နဲ့ ပြင်ပပေါက်ဈေးအတိုင်း ရောင်းချခွင့်ရမှာပါ။

ဒီဇင်ဘာလ ၅ ရက်နေ့တုန်းကလည်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ ဒေါ်လာဈေး ၂၁၀၀ သတ်မှတ်ထားရာကနေ ပြင်ပပေါက်ဈေးအတိုင်း ရောင်းဝယ်ဖို့ ခွင့်ပြုခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပို့ကုန်ပမာဏ တိုးမြင့်အောင်နဲ့ ဖြေလျှော့မှုပေးတာလို့ ဒီဇင်ဘာ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org