ပုဂ္ဂလိကဘဏ်နဲ့ ဗဟိုဘဏ်တာဝန်ရှိသူတချို့ အရေးယူခံရ
ပုဂ္ဂလိကဘဏ် ခုနစ်ခုနဲ့ ဗဟိုဘဏ်က တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-07-01 -
-
-
အိမ်ရာချေးငွေကို စစ်ကောင်စီရဲ့ ဗဟိုဘဏ် သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဂ္ဂလိကဘဏ် ခုနစ်ခုနဲ့ ဗဟိုဘဏ်က တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာ၀တီဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွေကို အရေးယူသွားမယ်လို့ ဆိုပါတယ်။
အဲဒီဘဏ်တွေဟာ အိမ်ရာချေးငွေ ဗဟိုဘဏ်သတ်မှတ်ချက်ထက် အနည်းဆုံး ၀ ဒသမ ၃၉ ရာခိုင်နှုန်းနဲ့ အများဆုံး ၁၆ ဒသမ ၃၄ ရာခိုင်နှုန်းအထိ အသီးသီးထုတ်ချေးပေးခဲ့တာလို့ ဆိုပါတယ်။
အခုလို ထုတ်ချေးခဲ့တဲ့ ဘဏ်တွေကို ဗဟိုဘဏ်ရဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ-၁၅၄ အရ ထိရောက်တဲ့ ဒဏ်ကြေးပေးဆောင်စေမယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ ရေးယူခံရတဲ့ ပုဂ္ဂလိကဘဏ်တွေကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
ပုဂ္ဂလိကဘဏ်တွေကို စစ်ဆေးကြီးကြပ်မှုအားနည်းတဲ့ ဗဟိုဘဏ်ကတာဝန်ရှိသူတွေကိုလည်း စိစစ်အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြည်တွင်းစီးပွားရေး တည်ငြိမ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်လာ ငွေလဲနှုန်း၊ ပို့ကုန်သွင်းကုန် ရငွေကိစ္စ၊ ဟွန်ဒီငွေလွှဲလုပ်ငန်း စတဲ့လုပ်ငန်းတွေကို အဆင့်ဆင့်တင်းကျပ်တာနဲ့ အရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
ဇွန်လ ၄ ရက်နေ့ကလည်း တရားမဝင် ဒီဂျစ်တယ် ငွေကြေးရောင်းဝယ်တာနဲ့ နိုင်ငံခြားငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ လူလေးဆယ်နီးပါးကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေတွေနဲ့ အရေးယူခဲ့ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။