UDP ပါတီကြေညာချက်ကို စာစောင်မှာ ဖော်ပြခွင့်ပိတ်ပင်

ပြည်ထောင်စု ဒီမိုကရေစီ (UDP) ပါတီက ဩဂုတ်လ ၉ ရက်နေ့မှာ ပြည်သူလူထုကြား ဖြန့်ဝေခဲ့တဲ့ ကြေညာချက်ကို UDP ပါတီရဲ့ စာစောင်ဖြစ်တဲ့ The Union ဆိုတဲ့စာစောင်မှာ ထည့်သွင်း ဖော်ပြခြင်း မပြုဖို့ စာပေစိစစ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်း သိရပါတယ်။

သတင်းစာများကိုစီနေတဲ့ အရောင်းသမားတစ်ဦးကို တွေ့ရစဉ် (Photo: AFP)

UDP ပါတီက သူတို့ရဲ့ Union စာစောင်ကို ဒုတိယအကြိမ်မြောက် ထုတ်ဖို့ ရှိနေပြီး၊ အဲဒီလို မထုတ်ဝေခင်မှာ ဩဂုတ်လ ၁၃ ရက် နေ့စွဲနဲ့ စာပေစိစစ်ရေး လက်ထောက်ညွှန်ကြားရေးမှူး လက်မှတ်ရေးထိုးပြီး တားမြစ်စာ ပို့လာကြောင်း UDP ပါတီရဲ့ ပြောခွင့်ရသူ ဦးသန်းမင်းစိုးက RFA ကို ပြောပါတယ်။

“ပြည်ထောင်စု ဒီမိုကရေစီ ပါတီက သတင်း ထုတ်ပြန်ချက်တခု ကျွန်တော်တို့ ထုတ်ထားတာ ရှိတယ်။ အဲဒီ သတင်းထုတ်ပြန်ချက်ကိုတဲ့၊ ကျွန်တော်တို့ ပါတီက ထုတ်မဲ့ ယူနီယံစာစောင်မှာ ထည့်သွင်း ဖော်ပြခွင့် မပြုဘူးဆိုတဲ့ အကြောင်း ၁၃ ရက်နေ့ ရက်စွဲနဲ့ပေါ့နော်၊ သူတို့က အကြောင်းကြားတာ။ ကျွန်တော်တို့ကဗျာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ဆက်လက်ပြီး ကြိုးစားသွားမယ်ဆိုတဲ့အကြောင်း ရေးထားတာပေါ့။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဘာဖြစ်တယ်၊ ညာဖြစ်တယ် အဲဒါမျိုး ရေးထားတာ။ ကျွန်တော်တို့ နောက်ထုတ်မဲ့ The Union စာစောင်မှာ ဖော်ပြခွင့် မပြုဘူးဆိုတဲ့ အကြောင်း အကြောင်းကြားပါသည်တဲ့။ အောက်က ညွှန်ကြားရေးမှူး ကိုယ်စား ဆန်းညွန့် လက်ထောက် ညွှန်ကြားရေးမှူးတဲ့။

အဲဒီကြေညာချက်ဟာ လူထုကြားနဲ့ အင်တာနက်ပေါ်မှာ ပြန့်နေပြီး၊ ဘာကြောင့် ထည့်သွင်းဖော်ပြခွင့် မပေးသလဲ ဆိုတာကိုတော့ စာပေစိစစ်ရေးအဖွဲ့က တိကျတဲ့အကြောင်းပြချက် မပေးဘူးလို့ ဆိုပါတယ်။

တကယ်တော့ UDP ပါတီရဲ့ ကြေညာချက်ဟာ နိုင်ငံရေးစာပေ လွတ်လပ်ခွင့်အရ ခွင့်ပြုချက်ကျထားတဲ့ ကြေညာချက်တစောင် ဖြစ်တယ်လို့ ဦးသန်းမင်းစိုးက ပြောပါတယ်။

“ဒီ ကြေညာချက်ကဗျာ၊ သူတို့ ကျွန်တော်တို့ ပြည်သူတွေကို အခု ဝေတယ်ဗျာ၊ ကျွန်တော်တို့က။ အားလုံး ပြည်သူတွေ ဖြန့်တယ်၊ အင်တာနက်ပေါ် တင်ပေးတယ်။ အဲဒါကျတော့ သူတို့က မပိတ်ပဲနဲ့၊ ဒီ ဂျာနယ်မှာ ထည့်မဲ့ဟာကျတော့ ထည့်ခွင့်မပေးဘူး။ ကျွန်တော်တို့က ဘာလုပ်ရလဲဆိုတော့ ထုတ်ပြန်ကြေညာချက်တွေ ထုတ်ရင် သူတို့ စာပေစိစစ်ရေးကို အမြဲတမ်း ပို့ပေးရတယ်။ စာပေစိစစ်ရေးကို ၁၀ စောင် ပို့ပေးရတယ်။ နေပြည်တော် ကော်မရှင်ရုံးကို တစောင် ပို့ပေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဟိုဟာနဲ့ ထုတ်ရတာကိုး၊ နသ နဲ့ ထုတ်ရတာကိုး။ နိုင်ငံရေးစာပေ လွတ်လပ်ခွင့် ထုတ်တဲ့ ကြေညာချက်တွေရော၊ စာစောင်တွေရော အကုန်လုံး သူတို့ဆီကို ၁၀ စောင် ပို့ပေးရမယ် ညွှန်ကြားချက်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမဲ့အချိန် နီးလာတာနဲ့အမျှ နိုင်ငံရေးပါတီတွေရဲ့ စာစောင်တွေအပါအဝင် ပြည်တွင်းထုတ် ဂျာနယ်တွေကို စာပေစိစစ်ရေးအဖွဲ့က တင်းကျပ်စွာ စောင့်ကြည့် ကိုင်တွယ်မှုတွေ ရှိကြောင်း ရန်ကုန် စာနယ်ဇင်းလောကမှာ ပြောဆိုနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org