ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ကြောင်း ချင်းညီနောင်အဖွဲ့ ထုတ်ပြန်
ပလက်ဝမြို့နယ်နဲ့ ထိစပ်နေတဲ့ ကန်ပလက်မြို့မှာ မြို့သိမ်းတိုက်ပွဲကို စတင်ကြောင်း ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-12-22 -
-
-
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ထိစပ်နေတဲ့ ကန်ပလက်မြို့မှာ မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာလ ၂၂ ရက် ဒီနေ့ စတင်ကြောင်း ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ချင်းညီနောင်ပူးပေါင်းတပ်က ဒီနေ့မနက်ပိုင်းစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDF ကန်ပက်လက် တပ်ဖွဲ့၀င်တစ်ဦးက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ဒီကနေ့မှာ စတိုက်နေပါပြီ။ ချင်းညီနောင် စစ်ဆင်ရေးအနေနဲ့ ကန်ပက်လက်မြို့ကိုရဖို့ မြို့သိမ်းတိုက်ပွဲ စပါပြီ"
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတုန်းကလည်း ကန်ပက်လက်မြို့ပေါ်မှာ ချင်းကာကွယ်ရေးတပ် (CDF ကန်ပက်လက်) က စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ စစ်ကောင်စီတပ်စခန်းတချို့ကို တိုက်ခိုက်ခဲ့ပါတယ်။
ကန်ပက်လက်မြို့နယ်က ကျင်ဒွေးမြို့ကို အခုနှစ် ဧပြီလမှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပြီး အဲဒီမြို့နယ်ထဲက ကန်ပက်လက်မြို့တစ်ခုပဲ သိမ်းပိုက်ဖို့ ကျန်တော့တာဖြစ်ပါတယ်။
ကန်ပက်လက်မြို့နယ် မြောက်ဘက်က မင်းတပ်မြို့ကိုလည်း ချင်းညီနောင်တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်ထဲမှာ နိုဝင်ဘာလကစလို့ ဖလမ်း၊ မင်းတပ်နဲ့ ထန်တလန်မြို့တွေမှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
ချင်းပြည်နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ချင်းပြည်နယ်မှာ မတူပီမြို့နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ရိဒ်ခေါ်ဒါရ်မြို့၊ လိုင်လင်းပီမြို့၊ ကျင်ဒွေးမြို့၊ မကွီးအိမ်နူးမြို့၊ နှာရိန်မြို့၊ ရေဇွာမြို့၊ ဝေဘူလမြို့၊ ဆူခွာမြို့ တွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး ပလက်၀မြို့နယ်ကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။