ခရစ်ယာန် ဘာသာရေးခေါင်းဆောင် နှစ်ဦးကို CDF ပြန်လွှတ်
ချင်းပြည်နယ် ဆူရ်ခွာမြို့မှာ စစ်ကောင်စီတပ်နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဟားခါးဒေသကာကွယ်ရေး CDF အဖွဲ့က ဖမ်းဆီးထားတဲ့ ကက်သလစ် ဘုန်းတော်ကြီး နိုအဲလ်ဟရန်တင်းထန်နဲ့ အသင်းတော် ဓမ္မဆရာ ကလဲမင်း တို့ကို သြဂုတ်လ ၄ ရက် မနေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ CDF အဖွဲ့က RFA ကို ဒီနေ့ပြောပါတယ်။
- 2021-08-05
-
-
-
ချင်းပြည်နယ် ဆူရ်ခွာမြို့မှာ စစ်ကောင်စီတပ်နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဟားခါးဒေသကာကွယ်ရေး CDF အဖွဲ့က ဖမ်းဆီးထားတဲ့ ကက်သလစ်ဘုန်းတော်ကြီး နိုအဲလ်ဟရန်တင်းထန်နဲ့ အသင်းတော် ဓမ္မဆရာ ကလဲမင်း တို့ကို သြဂုတ်လ ၄ ရက် မနေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ CDF အဖွဲ့က RFA ကို ဒီနေ့ပြောပါတယ်။
မနေ့က ကက်သလစ်အသင်းတော်က တာဝန်ရှိလူကြီး နှစ်ဦး တွေ့ဆုံခဲ့ပြီး CDF ဘက်က တောင်းဆိုတဲ့ အချက်တွေကို ခံဝန်ကတိနဲ့ သဘောတူလက်မှတ်ထိုးပြီး ပြန်လွှတ်ပေးခဲ့တာလို့ CDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ ကက်သလစ် အသင်းတော်ကနေ တာဝန်ရှိတဲ့ လူကြီး နှစ်ယောက်က အာမခံတယ်ပေါ့။ ဒီလိုမျိုး ကျွန်တော်တို့ တောင်းဆိုထားတာတွေ၊ ဒီလိုမျိုး မလုပ်ဖို့ပေါ့။ ပြီးတော့ တာဝန်ထမ်းဆောင်တဲ့ ဆူရ်ခွာမြို့ကနေ ဟားခါးမြို့ကို ပြောင်းပေးဖို့ရယ် ဒါတွေကို ကျွန်တော်တို့ သဘောတူပြီးတော့မှ လွှတ်တာပါ”
CDF အဖွဲ့သားတွေရဲ့သတင်းတွေကို ဘယ်သူ့ဆီမှာမှ သတင်းမပေးဖို့၊ မဟုတ်မမှန် သတင်းတွေကို CNF လူကြီးတွေဆီမှာ မဟုတ်မမှန် တိုင်တန်းပြောဆိုတာတွေ မလုပ်ဖို့၊ စစ်တပ်ကပေးထားတဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေနဲ့ ဆေးဝါးတွေကို လက်မခံဖို့၊ စစ်တပ်က ပေးတဲ့ပစ္စည်းတွေကို ယူဖို့အတွက် တခြားသူတွေကို တိုက်တွန်းတာမျိုး မလုပ်ဖို့ စစ်တပ်နဲ့ မပတ်သက်ဖို့ စတဲ့အချက်တွေကို ခံဝန်ကတိလွှာထဲမှာ လက်မှတ် ထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဟားခါးမြို့နယ် ဆူရ်ခွာမြို့က ကက်သလစ်ဘုန်းတော်ကြီး နိုအဲလ်ဟရန်တင်းထန်နဲ့ အသင်းတော် ဓမ္မဆရာ ကလဲမင်း တို့ကို စစ်ကောင်စီ သတင်းပေးဆိုတဲ့ သံသယနဲ့ ဇူလိုင်လ ၂၆ ရက်နေ့က CDF တပ်ဖွဲ့ရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုကို ခံခဲ့ရတာဖြစ်ပါတယ်။
CDF အဖွဲ့ဟာ ကက်သလစ်ဘုန်းတော်ကြီး နိုအဲလ်ဟရန် တင်းထန်နဲ့ အသင်းတော် ဓမ္မဆရာ ကလဲမင်း တို့ကို ပြန်လွှတ်ခဲ့ပေမယ့် နောက်ထပ်ဖမ်းဆီးထားတဲ့သူ သုံးဦး ကျန်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။