မင်းတပ်မှာ နှစ်နှစ်အတွင်း တိုက်ပွဲ ၂၁၈ ကြိမ်ဖြစ်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့ဝင် ၅၅ ဦးသေဆုံး
မင်းတပ်မြို့မှာ လက်နက်ကိုင်ခုခံစစ် စတင်ခဲ့တဲ့ နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း (၂၁၈) ကြိမ်ဖြစ်ခဲ့ပြီး CDF မင်းတပ်အဖွဲ့ဝင် ၅၅ ဦး သေဆုံးခဲ့ပါတယ်။
-
RFA Burmese
2023-04-25 -
-
-
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့မှာ လက်နက်ကိုင်ခုခံစစ် စတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့အထိ နှစ်နှစ်အတွင်း တိုက်ပွဲပေါင်း (၂၁၈) ကြိမ်ဖြစ်ခဲ့ပြီး CDF မင်းတပ်အဖွဲ့ဝင် ၅၅ ဦး သေဆုံးခဲ့တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ မင်းတပ်က ဧပြီ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲဆန္ဒပြခဲ့တဲ့ မင်းတပ်ဒေသခံတွေကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေလုပ်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့ကစပြီး တူမီးသေနတ်နဲ့ စတင်ခုခံတော်လှန်ခဲ့တာဖြစ်ပါတယ်။
မင်းတပ်မြို့နယ်ဟာ ချင်းပြည်နယ်မှာတော့ ပထမဆုံးခုခံတော်လှန်မှုတွေ ပြုလုပ်ခဲ့ပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF မင်းတပ်ကိုပါ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ CDF မင်းတပ်ဘက်က ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့ နှစ်နှစ်အတွင်း စစ်ကောင်စီတပ်သား ၄၅၀ ဦးသေဆုံးတယ်လို့ CDF မင်းတပ်ကထုတ်ပြန်ပေမယ့် ဒီအရေအတွက်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။
မင်းတပ်မြို့ကို စစ်ကောင်စီတပ်က လက်ရှိ ဖုန်းလိုင်းဖြတ်တောက်ထားတဲ့အပြင် စားနပ်ရိက္ခာသယ်ယူခွင့်ပါ ကန့်သတ်ထားသလို မြေပြင်ကရော၊ လေကြောင်းနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မင်းတပ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလည်း လက်ရှိ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
ချင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် မင်းတပ်မြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတစ်သောင်းကျော် စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးနေရပါတယ်။