စစ်သုံ့ပန်း ၂၃ ဦး ဖမ်းဆီးရမိကြောင်း CDF- Asho ပြော

နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းများအား ၂ဝ၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့-အရှို (CDF-Asho)က ထုတ်ပြန်ထားစဉ်။ Chin Defence Force - Asho

မကွေးတိုင်း ငဖဲမြို့နယ်မှာရှိတဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် ကာကင်းစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-Asho) က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အာရက္ခတပ်တော် (AA )က နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်ရှိရာ တောင်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ တိုက်ပွဲပြင်းထန်ပြီးနောက် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေတွေနဲ့အညီ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-Asho) ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောပါတယ်။

“စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတဲ့အခါမှာတော့ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေတွေနဲ့အညီပဲ စစ်ဆေးတာတွေ လုပ်နေသလို နိုင်ငံတကာဥပဒေတွေနဲ့အညီပဲ ထိန်းသိမ်းပြီးတော့မှ ချုပ်နှောင်ပြီးတော့မှ လိုအပ်တဲ့ မေးမြန်းမှုတွေလုပ်တယ်။ လူ့အခွင့်အရေးနဲ့အညီပဲ ထိန်းသိမ်းတယ်။ အခုဖမ်းမိတဲ့သူတွေကတော့ စစ်ဆေးဆဲကာလပဲ ရှိပါသေးတယ်။ ကာကင်းပုံစံမျိုး ရှေ့ကနေပြီးတော့ အသေခံပြီးတော့ စေလွှတ်ခြင်းခံရတဲ့သူတွေအနေနဲ့ ပြည်သူရဲ့အမုန်းလည်းမရအောင် ကိုယ့်ရဲ့စခန်းအသိမ်းခံရပြီး ရှုံးပြီးတော့ သုံ့ပန်းဖြစ်ရတာနဲ့ ပြည်သူ့ရဲ့ငြိုငြင်မှုကို မရချင်ရင် အမြန်ဆုံးအလင်းဝင်ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါလို့ ပြောချင်ပါတယ်”

ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ၂၆ ရက်နေ့အတွင်း CDF-Asho က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လက်နက်ငယ် ၂၀ လက်၊ လက်ပစ်မိုင်း ၁၈ လုံး၊ ကျည်လေးထောင်ကျော်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်သုံ့ပန်းတွေဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း အမ်းမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့တိုက်ပွဲပြင်းထန်ပြီးနောက် မကွေးတိုင်းဘက်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ CDF-Asho က သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org