ဘင်္ဂလားဒေ့ရှ်ဘက် လက်နက်ကြီးကျည်ကျတဲ့ကိစ္စ မြန်မာဘက်ကို ကန့်ကွက်စာပို့ထား

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာဘက်က လက်နက်ကြီးကျည်တွေကျရောက်ခဲ့တာကြောင့် သတိထားစောင့်ကြည့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့က တွေ့ရစဥ်။ BSS News

Updated 3:37 PM Jan 31, 2024

ဘင်္ဂလားဒေ့ရှ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာဘက်က လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ကန့်ကွက်စာပို့ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Bangladesh Sangbad Sangstha (BSS) သတင်းအေဂျင်စီက ဇန်နဝါရီလ ၂၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက် ကော့ဘဇားမြို့ကို လက်နက်ကြီးကျည် ၁၃ လုံးအပြင် ကျည်ဆန်တစ်တောင့်ကျခဲ့တဲ့အတွက် အမှတ် (၃၄) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကနေ မြန်မာဘက်ကို ကန့်ကွက်စာပေးပို့ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်ကလည်း ဒီအခြေအနေကို သတိထားစောင့်ကြည့်နေတယ်လို့ အဲဒီသတင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။

“ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ရဲ့ နယ်ခြားစောင့်တပ်တွေကို ဆက်ပြီးတပ်လှန့်ထားပါတယ်။ မြန်မာအစိုးရနဲ့ ဆက်သွယ်နေပါတယ်”

လက်နက်ကြီးကျည်တွေဟာ ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကျရောက်လာတာလို့ ဒေါက်တာဟာဆန်မာမွတ်က ဆိုပါတယ်။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို မြန်မာဘက်က လက်နက်ကြီးကျည်တွေ နောက်ထပ် ထပ်မကျလာဖို့ မျှော်လင့်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

မြန်မာဘက်က တိုက်ပွဲအခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် ကော့ဘဇားဘက်ခြမ်းမှာ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org