မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ ကနေဒါ ဖိအားဆက်ပေးမည်
ကနေဒါအစိုးရအနေနဲ့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ခန့်အပ်လိုက်တဲ့ မြန်မာသံအမတ်ကြီး ကတဆင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို ဖိအားပေးသွားမယ်လို့ ဧပြီ ၂၀ ရက် မနေ့က ပြောကြားလိုက်ပါတယ်။
-
2011-04-21 -
-
-
Your browser doesn’t support HTML5 audio
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်သစ် ဦးကျော်တင်ရဲ့ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲမှာ ကနေဒါ ဘုရင်ခံချုပ် David Johnston အခုလို အလေးထား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဦးကျော်တင်ဟာ မြန်မာစစ်အစိုးရ ဖျက်သိမ်းပြီးနောက်ပိုင်း လက်ရှိအစိုးရသစ် လက်ထက်မှာ ပထမဆုံး ခန့်အပ်ခံရတဲ့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရနဲ့ ကနေဒါနိုင်ငံအကြား မြန်မာသံအမတ် ခန့်အပ်ရေးနဲ့ ပတ်သက်လို့ သဘောထားကွဲခဲ့အပြီး ကနေဒါနိုင်ငံမှာ မြန်မာ သံအမတ်ကြီးမရှိတာ ၂၀၀၄ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
အခုသံအမတ်သစ် ဦးကျော်တင်ဟာ စစ်တပ်က မဟုတ်တဲ့အတွက် ၆ နှစ်လောက် အဆင်မပြေ ဖြစ်နေခဲ့တဲ့ သံအမတ်ခန့်အပ်ရေးကိစ္စ ပြေလည်မှု ရရှိသွားခဲ့တာဖြစ်ကြောင်း CFOB မြန်မာ့မိတ်ဆွေ ကနေဒါနိုင်ငံသားများအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးတင်မောင်ထူးက ပြောပါတယ်။
“ဒါပေမဲ့ ဒီ သံအမတ်ကို ခန့်ရေး မခန့်ရေးကတော့ လွန်ခဲ့တဲ့ လေး ငါး ခြောက်နှစ်ကတည်းက ဆွေးနွေးနေခဲ့ကြတဲ့ ကိစ္စပါ။ ကနေဒီယန် အစိုးရကနေပြီးတော့ မြန်မာ သံအမတ်ကို ခန့်တဲ့နေရာမှာ လက်ခံရေး လက်မခံရေးက သံအမတ်ရဲ့ နောက်ကြောင်းပေါ့နော်၊ စစ်တပ်နဲ့ မပတ်သက်ပဲနဲ့ ပေါ့နော်၊ အရပ်သားဖြစ်ရင် ပိုကောင်းမယ်ဆိုတဲ့ အကြံပြုမှုကို လွန်ခဲ့တဲ့ ဒီ ငါးနှစ် ခြောက်နှစ်လောက်ကတည်းက လုပ်ခဲ့တာပါ။”
“အခုကျတော့ အခု လက်ရှိ မြန်မာအစိုးရသစ်ကနေပြီးတော့ ခန့်အပ်လိုက်တဲ့အခါကျတော့ သူ့ရဲ့ နောက်ကြောင်းမှာက စစ်တပ်နဲ့ ပတ်သက်တာ မပါပဲနဲ့ သူဟာ နိုင်ငံခြားရေးကိစ္စတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းကနေပြီးတော့ ဆောင်ရွက်ခဲ့တဲ့လူ ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့က တွေ့ရပါတယ်။”
ကနေဒါအစိုးရအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးကိစ္စ၊ ဒီမိုကရေစီ ဖော်ဆောင်ရေးကိစ္စ၊ တရား ဥပဒေ စိုးမိုးရေး ကိစ္စတွေကို သံအမတ်သစ်နဲ့ ဆွေးနွေး ပြောဆိုဖို့ မျှော်လင့်ထားကြောင်း၊ အခုလို သံအမတ် ခန့်အပ်မှုဟာ ကနေဒါအစိုးရရဲ့ အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ စိုးရိမ်ပူပန်မှုတွေအတွက် ပြောဆိုဖို့ အခွင့်အလမ်းတွေ ပိုမို ရရှိလာတာဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်တင်ကို ကနေဒါ ဘုရင်ခံချုပ် David Johnston က ပြောဆိုခဲ့ပါတယ်။
အခု မြန်မာသံအမတ်ကြီး ခန့်အပ်မှုအပါအဝင် မြန်မာအစိုးရသစ်လက်ထက် ကနေဒါ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး နောက်ဆုံးအခြေအနေ၊ ရှေ့အလာအလာတွေနဲ့ ပတ်သက်လို့ မြန်မာ့မိတ်ဆွေ ကနေဒါနိုင်ငံသားများအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးတင်မောင်ထူးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |