ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြင်ဆင်

ဧပြီလ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်နယ်တိုင်း အသီးသီးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ပါတီ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဆီ ဒီလ ၁၁ ရက် နောက်ဆုံးထားပြီး ပေးပို့ဖို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်သည့် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ပါတီဌာနချုပ်ရုံးတွင် တွေ့ရသည့် NLD အဖွဲ့ဝင်များ။ AFP

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ အမျိုးသမီး၊ တိုင်းရင်းသားနဲ့ လူငယ်တွေကို ဦးစားပေး ရွေးချယ်သွားမယ်လို့ ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က အာရ်အက်ဖ်အေကို ပြောပါတယ်။

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အကျိုး တခုတည်းကို မကြည့်ဘဲ နိုင်ငံံနဲ့ ပြည်သူတစ်ရပ်လုံး၏ အကျိုးနှင့် ဒီမိုကရေစီရေးတို့ကို ရှေးရှုလျက် ရွေးကောက်ပွဲဝင်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေများအလိုက် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း၊ ခရိုင် နှင့် မြို့နယ်များမှ ကိုယ်စားလှယ်လောင်းများ လျာထားသည့်စာရင်း တစ်ဦးစီကို ဗဟိုအောင်နိုင်ရေးအဖွဲ့သို့ ၁၁ ရက်၊ ၁ လ၊ ၂ဝ၁၂ ခု ရက် ဗုဒ္ဓဟူးနေ့ညနေ ၄ နာရီ နောက်ဆုံးထား၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်သို့ ပေးပို့ကြရန် ဖြစ်ပါသည်”

ဒါ့အပြင် ကိုယ်စားလှယ်လောင်းများဟာ ဒီမိုကရေစီရေးကိုသစ္စာစောင့်သိသူ၊ ပညာအရည်အချင်းနဲ့ အလုပ်အကိုင်အတွေ့အကြုံ ရှိသူများလည်း ဖြစ်ရမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို ဗဟို အောင်နိုင်ရေးအဖွဲ့က အတည်ပြုမယ်လို့ ဆိုပါတယ်။
 
ကြားဖြတ်ရွေးကောက်ပွဲအတွက် အောင်နိုင်ရေးအဖွဲ့ စာရင်းတွေကိုလည်း ဒီလ ၁၁ ရက် နောက်ဆုံးထား ပေးပို့ဖို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org