ကောလင်း ငါးကြီးအိုင်ရွာ မီးရှို့ခံရပြီး ဒေသခံသုံးဦး သတ်ဖြတ်ခံရ
ကောလင်းမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ငါးကြီးအိုင်ရွာကို စီးနင်းပြီးနောက် နေအိမ်တွေမီးရှို့ခံခဲ့ရသလို ဒေသခံသုံးဦးပါ သတ်ဖြတ်ခံခဲ့ရပါတယ်။
-
RFA Burmese
2024-03-01 -
-
-
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၉ ရက် မနေ့က ငါးကြီးအိုင်ရွာကို စီးနင်းပြီးနောက် နေအိမ်တွေမီးရှို့ခံခဲ့ရသလို ဒေသခံသုံးဦးပါ သတ်ဖြတ်ခံခဲ့ရတယ်လို့ ကောလင်းသတင်းတွေကိုဖော်ပြနေတဲ့ Kawlin Info အဖွဲ့က ပြောပါတယ်။
အဲဒီစစ်ကြောင်းက ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဘက်ကနေ ကောလင်း သစ်ဖုလတောင်ဘက်ကို စစ်ကူလာတဲ့စစ်ကြောင်းဖြစ်ပြီး မနေ့ နေ့လယ်မှာ ငါးကြီးအိုင်ရွာက နေအိမ်တွေ မီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ Kawlin Info အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“တစ်ရွာလုံးနီးပါးကို မီးရှို့သွားတာ။ အဲဒီရွာက အိမ်ခြေ တစ်ရာဝန်းကျင်ရှိတာ။ အမျိုးသား သုံးဦးကိုလည်း သေနတ်နဲ့ပစ်သတ်ထားတယ်လို့ သိရတယ်။ အသက် ၄၀ ကျော်အရွယ် တစ်ယောက်ပါတယ်။ အဲဒီရွာအနာက်မှာ အခုထိလည်း စကစတွေရှိသေးတော့ ဘယ်သူဘယ်ဝါဆိုတာ သေချာမသိနိုင်သေးဘူး”
ကောလင်းမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) အဖွဲ့ဝင်တစ်ဦးကလည်း နေအိမ်တွေကို မီးရှို့ခံရတာ မှန်တယ်လို့ပြောပါတယ်။
“သစ်ဖုလတောင်ကို စခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်တာ။ စကစ သစ်ဖုလကနေ ပစ်တယ်၊ ဝန်းသိုနဲ့ ကောလင်းကြားမှာ ကျောက်တန်းဆိုတဲ့ရွာရှိတယ်။ အဲဒီကျောက်တန်းရွာကနေ လက်နက်ကြီးနဲ့ လှမ်းထုတယ်။ အဲဒီလိုထုပြီးတော့မှ ကိုးတောင်ဘို့ဘက်ကနေလာတဲ့ စကစတွေ အင်အားပေါင်းပြီးတော့မှ အဲဒီလိုဖြစ်တာ။ အခုသိသလောက်တော့ တစ်ရွာလုံးနီးပါး ရှို့သွားတယ်”
ကောလင်းကာကွယ်ရေးတပ် ရဲဘော်တစ်ဦးကလည်း ငါးကြီးအိုင်ရွာမီးရှို့ခံရတာနဲ့ ဒေသခံသုံးဦး အသတ်ခံရတာကို အတည်ပြုနိုင်ပေမယ့် စစ်ကောင်စီတပ်က အဲဒီရွာဘက်မှာရှိနေသေးတာကြောင့် သေဆုံးသူတွေနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ ပြောပါတယ်။
ကောလင်းမြို့နယ် ကျောက်တန်းကျေးရွာအနီး ရွှေဘို - မြစ်ကြီးနား လမ်းမကြီးဘေးက သစ်ဖုလတောင်မှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့တော်လှန်းရေးတပ်တွေက ဖေဖော်ဝါရီ ၂၃ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ကလည်း ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ အင်အားဖြည့်ပြီးတိုက်ခိုက်နေလို့ စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။
ငါးကြီးအိုင်ရွာ မီးရှို့ခံရတာနဲ့ ဒေသခံသုံးဦး အသတ်ခံရတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။