ဝက်လက်မြို့နယ် ဟလင်းရွာက နေအိမ်လေးဆယ်ခန့် မီးရှို့ဖျက်ဆီးခံရ

ဝက်လက်မြို့နယ် ဟလင်းကျေးရွာ၊ မလားကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်လေးဆယ်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က တွေ့ရစဥ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဟလင်းကျေးရွာ၊ မလားကုန်းရပ်ကွက်မှာရှိတဲ့ နေအိမ်လေးဆယ်ခန့်ကို စစ်ကောင်စီတပ်စစ်ကြောင်းက မတ်လ ၈ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဒီနေ့ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဟလင်းရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို စစ်ကူဖို့လာတာဖြစ်ပြီး အဲဒီနေ့မှာပဲ မလားကုန်းရပ်ကွက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ဟလင်းရွာဟာ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာလမ်းကြောင်းမှာရှိတာကြောင့် အခုလိုနေအိမ်တွေကို မီးရှို့သွားတာလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်တဲ့လမ်းကြောင်းက နေအိမ်တွေကို ရှို့သွားတာပါ”

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

အင်အားတစ်ရာခန့်ပါ အဲဒီစစ်ကြောင်းဟာ မတ်လ ၈ ရက်နေ့မနက်ကလည်း ဒေသခံ အမျိုးသမီးတစ်ဦးကို ပစ်သတ်ထားခဲ့ပြီး နောက်ထပ် အမျိုးသမီးသုံးဦးကိုပါ ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟလင်းရွာမှာ မတ်လ ၂ ရက်နေ့ညကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်ကျဆုံးမှုတွေများသလို ဟလင်းရွာအပါအဝင် ဝက်လက်မြို့နဲ့အစပ် ရွှေဘိုမြို့အရှေ့ခြမ်းဘက်က ငါးပိအိုး၊ ရွာသစ်ကုန်း၊ ဂွေးပင်ကုန်း၊ ဆည်ကြီး၊ ကံကြီးတော၊ သဲကျွန်း၊ မောင်းတပ်၊ အုန်းပေါက် စတဲ့ရွာတွေက ဒေသခံ သုံးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အဲဒီရွာတွေမှာ နေထိုင်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org