တစ်ကျော့ပြန်ထိုးစစ်ကြောင့် ဘုတလင်ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ
ဘုတလင်မြို့နယ်မှာ စစ်တပ်ရဲ့ တစ်ကျော့ပြန်ထိုးစစ်ကြောင့် အရပ်သား တစ်သောင်းကျော်ဟာ အောက်တိုဘာ ၆ ရက်နေ့ကစလို့ နေရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။
-
RFA Burmese
2024-10-08 -
-
-
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ တစ်ကျော့ပြန်ထိုးစစ်ကြောင့် အရပ်သား တစ်သောင်းကျော်ဟာ အောက်တိုဘာလ ၆ ရက်နေ့ကစလို့ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဘုတလင် ဒေသခံတွေက ဒီနေ့မှာ RFA ကို ပြောပါတယ်။
စက်တင်ဘာလ ၃၀ ရက်က ကူတော်ရွာတပ်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား သုံးဆယ်ကျော် သေဆုံးသွားသလို ၄၂ ဦးကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် မုံရွာမြိုအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်ကောင်စီတပ်အင်အား တစ်ရာကျော်ပါတဲ့ စစ်ကြောင်းက အောက်တိုဘာလ ၆ ရက်နေ့မှာ ဘုတလင်မြို့နယ်ထဲ တစ်ကျော့ပြန် စစ်ကြောင်းထိုးလာတာပါ။
ဘုတလင်မြို့နယ် ကံဆွယ်ရွာကနေ စတင်စစ်ကြောင်းထိုးတာဖြစ်ပြီး အဲဒီရွာအပါအဝင် ရွာ ဆယ်ရွာခန့်က ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရွာတွေမီးရှို့တာတော့ မရှိသေးဘူး။ ရွာတွေထဲမှာ စစ်တပ်ကနေတာတော့ရှိတယ်။ သူတို့နေတော့ ရွာသားတွေထွက်ပြေးရတယ်။ မနေရဲဘူး။ တချို့လည်း ယာထဲမှာနေရင်းနဲ့ စစ်ကြောင်းနဲ့တိုးပြီး အဖမ်းခံရတယ်လို့လည်း ကြားတယ်။ ဘယ်သူတွေပါလဲ။ အရေအတွက် ဘယ်လိုရှိလဲဆိုတာ မသိရသေးဘူး”
စစ်ကောင်စီတပ် စစ်ကြောင်းဟာ နေ့ဘက်တွေမှာ ရွာတွေထဲ အထိုင်ချတပ်စွဲပြီး ညဘက်အချိန်မှာ တပ်လှုပ်ရှားမှုတွေရှိနေ တာလို့ ဘုတလင်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်က စစ်ကောင်စီတပ်သားတွေ အစုလိုက်အပြုံလိုက် သေဆုံးတာနဲ့ ဖမ်းဆီးခံရတဲ့အခြေအနေကို တန်ပြန်ထိုးစစ်ဆင်လာတာလို့လည်း ဆိုပါတယ်။
အောက်တိုဘာလ ၈ ရက် ဒီနေ့မနက်မှာ စစ်ကောင်စီတပ်က အုတ်ကျင်းရွာနဲ့ ကုက္ကိုစုရွာကို စစ်ကြောင်းထိုးနေပြီး နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိသေးဘဲ စစ်ရေးအခြေအနေ စောင့်ကြည့်နေကြတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။
ဘုတလင်မြို့နယ်က စစ်ရေးအခြေအနေနဲ့ ဒေသခံတွေ ထွက်ပြေးနေရတဲ့အပေါ် တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
အောက်တိုဘာလ ၂ ရက်နေ့ကလည်း ဘုတလင်မြို့နယ် မောင်းထောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်လုပ်ခဲ့လို့ စာသင်ကျောင်းနဲ့ ဓမ္မာရုံအဆောက်အအုံတချို့ ထိခိုက်ပျက်စီးပြီး အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။