လာဘ်ငွေယူတဲ့ ဥပဒေအရာရှိကို အမှုဖွင့်
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဥပဒေရုံးက ဦးစီးအရာရှိ ဦးကျော်သူရဝင်းဟာ အမှုသည်ဆီကနေ လာဘ်ငွေယူထားတယ်ဆိုပြီး နေပြည်တော် အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဇမ္ဗူသီရိ မြို့မ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။
-
2017-04-23 -
-
-
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဥပဒေရုံးက ဦးစီးအရာရှိ ဦးကျော်သူရဝင်းဟာ အမှုသည်ဆီကနေ လာဘ် ငွေယူထားတယ်ဆိုပြီး နေပြည်တော် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဇမ္ဗူသီရိ မြို့မ အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။
နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်က တရားလိုလုပ်ပြီး မနေ့က တိုင်ကြားထားတာလို့ ဇမ္ဗူသီရိမြို့မ အမှတ် ၁ ရဲစခန်းမှုး ဒု-ရဲမှူး မြင့်ဌေးက ပြောပါတယ်။
"နေပြည်တော် အဂတိတိုက်ဖျက်ရေးကော်မရှင်ကနေ လာပြီးတော့ ဖွင့်ပါတယ်၊ ဦးကျော်သူရဝင်း ဇမ္ဗူသီရိမြို့နယ် ဥပဒေအရာရှိကို ၊ တိုင်ချက်ကတော့ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ဦးကျော်သူရဝင်းကို ၅၆ အရ ဖွင့်တာပေါ့နော်၊ ပြစ်မှုကျူးလွန်တဲ့အတွက် အမှုဖွင့်တိုင်ကြားပါ သည် ဒီလောက်ပဲပါတယ်၊ စစ်ဆေးပေါ်ပေါက်ချက်တွေကတော့ သူတို့ပဲသိမယ်၊ ကျနော်တို့စစ်တာ မဟုတ်တော့ ကျနော်တို့လည်း မသိဘူးဗျ၊ အမှုစစ်အရာရှိက ဦးအောင်မြင့်ဇော်ပါ အဲဒီကော်မရှင်က လက်ထောက်ညွှန်ကြားရေးမှူး သူကပဲ တရားလို လုပ်ပြီးတိုင်ပါတယ်"
ဦးကျော်သူရဝင်းဟာ မြို့နယ်ဥပဒေအရာရှိရဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး ဇမ္ဗူသီရိမြို့ နယ် အမှတ် ၁ ရဲစခန်းမှာ (ပ) ၂၁၆ / ၂၀၁၆ နဲ့ တရားစွဲဆို ခံရတဲ့ ဦးဖိုးလုံးရဲ့သမက်ဖြစ်သူ ဦးသက်ထွန်းအောင်ဆီကနေ ကျပ်ငွေ သိန်း ၂၀ ကို လာဘ်ငွေအဖြစ် ရယူခဲ့တယ်ဆိုတာကို ပေါ်ပေါက် လာတဲ့အတွက် အခုလိုအမှုဖွင့် တိုင်ကြားခံရတာဖြစ်ပါတယ်။
ဇဗ္မူသီရိမြို့မ အမှတ် ၁ ရဲစခန်းမှာ အဲဒီအမှုကို တရားမစွဲခင် ဥပဒေအကြံပြုပြန်ကြားပေးဖို့အတွက် လုပ်ဆောင်ရာမှာ ဦးကျော်သူရဝင်း အနေနဲ့ လာဘ်ငွေတောင်း ခံရယူခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဦးကျော်သူရဝင်းကို (ပ) ၂၀၁/၂၀၁၇ ၊ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။