အင်းစိန်ဗုံးကွဲမှုကြောင့် ၅ ဦးထက်မနည်း ဒဏ်ရာရ
ဖေဖော်ဝါရီ ၂၇ ရက်၊ တနင်္ဂနွေနေ့ည ၇ နာရီ ဝန်းကျင်က ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ကမ်းနားလမ်း၊ အောင်ဇေယျ အိမ်ရာအနီးက ကွမ်းယာဆိုင် တဆိုင်မှာ ကွမ်းလာဝယ်သူ တဦးရဲ့ အိတ်ထဲက ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
-
2011-02-28 -
-
-
ပေါက်ကွဲမှုကြောင့် အနီးက ကလေးတယောက် အပါအဝင် ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ ဗုံးသယ်ဆောင်သူကတော့ ခန္ဓာကိုယ် အောက်ပိုင်းတခုလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားခဲ့ပါတယ်။
ဒဏ်ရာရသူ ၅ ယောက်ကို အင်းစိန်ဆေးရုံမှာ တင်ထားပြီး၊ ဗုံး သယ်ဆောင်လာသူ ကိုတော့ ရန်ကုန်ဆေးရုံကြီးမှာ တင်ထားတယ်လို့ သီးခြား အတည်မပြုနိုင် သေးတဲ့ သတင်းတွေက ဆိုပါတယ်။ ဗုံးသယ်ဆောင်လာသူရဲ့အမည်ကိုလည်း ကိုဇော်မင်းသန့်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲပြီး အခြေအနေတွေနဲ့ ပတ်သက်လို့ အင်းစိန် ဒေသခံတဦးက RFA ကို အခုလို ပြောပါတယ်။
“ဗုံးခွဲသမားက ဇော်မင်းသန့်၊ မှတ်ပုံတင်က ရမ်းဗြဲမြို့နယ်က၊ အောက်ပိုင်း ပြတ်သွားတယ်လို့ ပြောတယ်။ သူတို့ နေတာက အောင်ဇေယျ တိုက်တန်း၊ အဲဒီ တိုက်ခန်းကို အောင်ဇေယျ အိမ်က ရယက အဖွဲ့ဝင် ရာအိမ်မှူး ယောက်က ငှားပေးထားတာ၊ ပွဲစားလုပ်ပြီးတော့။”
နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးတလုံးလည်း အနီးက ကားတစီးအောက် မှာ ရှာဖွေ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗုံးခွဲသူနေထိုင်တဲ့ တိုက်ခန်းကို မနက် ၅ နာရီ လောက်က ဝင်ရောက် ရှာဖွေတဲ့အခါမှာလည်း မနက် ၆ နာရီခွဲမှာ ပေါက်ကွဲဖို့ ချိန်ကိုက်ထားတဲ့ မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံး ထပ်တွေ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဗုံးခွဲသူဟာ အင်းစိန်မြို့နယ် အောင်ဇေယျ အိမ်ရာက တိုက်ခန်းတခန်းမှာ အဖော် ၃ ဦးနဲ့အတူ ငှားရမ်း နေထိုင်နေပြီး၊ အခင်းဖြစ်ပွားပြီးတဲ့နောက်မှာ အဲဒီအဖော်တွေလည်း ပျောက်သွားကြတယ်လို့ ဆိုပါတယ်။
အခုချိန်ထိတော့ အဲဒီဗုံးခွဲမှုနဲ့ ပတ်သက်ပြီး စစ်အစိုးရ အာဏာပိုင်တွေဖက်ကရော၊ လက်နက်ကိုင် အဖွဲ့တွေ ဖက်ကပါ တစုံတရာ ထုတ်ဖော် ပြောဆိုမှု မရှိသေးပါဘူး။