မိုင်းခွဲတိုက်ခိုက်မဲ့သူ သုံးဦး ဖမ်းဆီးရမိပြီး နှစ်ဦးသေဆုံးသွားကြောင်း စစ်ကောင်စီထုတ်ပြန်
2024.10.28

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် (၉၄) အုပ်ချုပ်ရေးမှူးရုံးကို အောက်တိုဘာ ၂၇ ရက်နေ့ မနက်က မိုင်းခွဲတိုက်ခိုက်ဖို့လာသူ သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး နှစ်ဦးသေဆုံးသွားကြောင်း စစ်ကောင်စီက အောက်တိုဘာ ၂၈ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။
မိုင်းခွဲဖို့လာသူတွေဟာ အမှတ် (၉၄) အုပ်ချုပ်ရေးမှူးရုံး အနီးအရောက်မှာ ယူလာတဲ့ မိုင်းတချို့ ပေါက်ကွဲပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ရသွားတာကြောင့် ကားမောင်းသူ ဦးငွေစိုးက ဒဏ်ရာရသူနှစ်ဦးကို အမှတ် ၃၀ အခြေခံပညာ မူလတန်းကျောင်းအနီးမှာ ချထားခဲ့တဲ့အတွက် ဖမ်းဆီးရမိခဲ့တာလို့ စစ်ကောင်စီက ပြောပါတယ်။
ဒဏ်ရာရသူ နှစ်ဦးကို စစ်ကောင်စီက အမှတ် (၁) တပ်မတော်ဆေးရုံ ကုတင်တစ်ထောင်ကို တင်ပို့ကုသခဲ့ပေမဲ့ ဆေးကုသနေချိန်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေရဲ့ ထွက်ဆိုချက်အရ ကားမောင်းသူ ဦးငွေစိုးကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲမှာပဲ ကားနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှာ မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုင်းဖောက်ခွဲဖို့ လာသူတွေထဲက ထွက်ပြေးသွားသူ ဦးအောင်နိုင်ထွန်းကို ထပ်မံဖမ်းဆီးဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။ မိုင်းခွဲတိုက်ခိုက်မဲ့သူတွေရဲ့ အဖွဲ့အစည်းကိုတော့ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။