နမ့်ဖတ်ကာမှာ လက်ပစ်ဗုံးကို ဆော့ကစားမိလို့ ကလေးငါးဦး ဒဏ်ရာရ
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ လက်ပစ်ဗုံးကို ဆော့ကစားမိရာမှာ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငါးဦး ဒဏ်ရာရသွားပါတယ်။
-
RFA Burmese
2024-05-13 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ မေလ ၁၂ ရက်နေ့က လက်ပစ်ဗုံးကို ဆော့ကစားမိရာမှာ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငါးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၃ နှစ်နဲ့ ၁၅ နှစ်အကြား ကလေးငါးဦး ဒဏ်ရာရတာဖြစ်ပြီး အဲဒီအထဲက နှစ်ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဖြစ်တာက နမ့်ဖတ်ကာ ရပ်ကွက် (၁) ဈေးနားမှာဖြစ်တာ။ သူတို့ ဗုံးယူလာပြီး ဆော့ရင်းနဲ့ဖြစ်တာ။ အုံးဆို အသံကြားလို့ သွားကြည့်တော့ ကောင်လေးသုံးယောက်က သွေးအိုင်ထဲမှာ။ အဲဒါနဲ့ အနီးနားကလူတွေက နမ့်ဖတ်ကာ ဆေးရုံကို ပို့လိုက်တာ”
မတ်လ ၂၄ ရက်နေ့ကလည်း နမ့်ဖတ်ကာ ရပ်ကွက် (၂) မှာနေထိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ဖြုတ်ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးခဲ့ပါတယ်။
၁၀၂၇ စစ်ဆေးရေးကာလအတွင်း နမ့်ဖတ်ကာအခြေစိုက် ခလရ-၁၂၃ တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး KIA က နမ့်ဖတ်ကာကို သိမ်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှတော့ မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေရဲ့ ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်မှုတွေ များလာတာလို့ ဒေသခံတွေက ပြောပါတယ်။
KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ နမ့်ဖတ်ကာရွာက အခြေအနေတွေနဲ့ ပတ်သက်လို့ မြေပြင်က သတင်းပေးပို့လာတာ မရှိသေးတာကြောင့် အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်ပေါက်ကွဲမှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၃၆ ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရပါတယ်။