မူဆယ်မြို့က ဂိမ်းဆိုင်တစ်ခုမှာ ပေါက်ကွဲမှုဖြစ်တာကြောင့် သုံးဦးဒဏ်ရာရ

မူဆယ်မြို့ မန်ဝိန်း (၂) လမ်းက ငါးမန်းဂိမ်းဆိုင်တစ်ခုမှာ ဗုံပေါက်ကွဲခဲ့တာကြောင့် သုံးဦးဒဏ်ရာရခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်း တစ်နေရာအား ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။

မြန်မာ - တရုတ်နယ်စပ်၊ မူဆယ်မြို့ မန်ဝိန်း (၂) လမ်းက ငါးမန်းဂိမ်းဆိုင်တစ်ခုမှာ ဧပြီလ ၂၇ ရက်နေ့ည ၉ နာရီကျော်က ဗုံပေါက်ကွဲခဲ့တာကြောင့် သုံးဦးဒဏ်ရာရခဲ့တယ်လို့ မူဆယ်ဒေသခံက ပြောပါတယ်။

ဒဏ်ရာရသူတွေဟာ ဂိမ်းရုံဝန်ထမ်းတွေလား အပြင်က လာဆော့သူတွေလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ မူဆယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဂိမ်းရုံမှာ ဖြစ်တာ၊ ထိသွားတာက သုံးယောက်ဗျ။ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး တစ်ယောက် ထိသွားတယ်”

ဒေသအခြေစိုက် မီဒီယာတွေမှာတော့ အဲဒီဂိမ်းဆိုင်မှာ အပြင်ကနေ ဗုံးလာထားသွားတာကြောင့် ပေါက်ကွဲတာလို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဘယ်အဖွဲ့က လုပ်ခဲ့သလဲဆိုတာကို မဖော်ပြထားသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီအပေါ်အတိအကျသိရဖို့ စစ်ကောင်စီရဲ့ မူဆယ်မြို့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မူဆယ်မြို့မှာ ပြည်သူ့စစ်အဖွဲ့အမည်ခံထားတဲ့ လောင်းကစားဝိုင်းတွေ အများအပြားရှိနေပြီး ဗုံးခွဲခံရမှုတွေလည်း မကြာမခဏဖြစ်လေ့ရှိတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း နမ့်ခမ်းနဲ့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က ထိန်းချုပ်ထားပြီး မူဆယ်မြို့တစ်ခုတည်းသာ စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတာပါ။

မူဆယ် အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်ခြောက်ခုကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ကတည်းက ညခြောက်နာရီကနေ မနက်ခြောက်နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org