ပြည်ပနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သူတချို့ အမည်မဲစာရင်းမှ ပယ်ဖျက်ပေးဖို့ မရှိသေး
ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ ယခင်အစိုးရ လက်ထက်က ပြည်ပနိုင်ငံတွေမှာ နိုင်ငံရေးခိုလုံခွင့်တောင်းခံခဲ့သူတချို့ကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အမည်မဲစာရင်း Blacklist ထည့်သွင်းထားမှုကနေ ပယ်ဖျက်ပေးဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ ပြောပါတယ်။
-
2012-08-30 -
-
-
"နိုင်ငံတော် လှို့ဝှက်ချက်၊ နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံရေးခိုလှုံသွားတာတွေ တချို့ဆိုးဆိုးရွားရွားကြီးတွေပေါ့နော်။ အဲလိုဟာတွေ ဆိုရင်တော့ လွှတ်ထားရမှာပေါ့နော်"
ဦးသိန်းစိန်အစိုးရဟာ အရင်စစ်အစိုးရ လက်ထက်က နာမည်ပျက် စာရင်းထဲ ထည့်သွင်းထားခဲ့တဲ့ လူပုဂ္ဂိုလ် ၆၁၆၅ ဦးထဲက ၂၀၈၂ ဦးကို အခုလ ၂၈ ရက်နေ့က အမည်မဲ စာရင်းကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။
အဲဒီ အမည်မဲစာရင်းတွေကနေ ပယ်ဖျက်ခံရတဲ့ သူတွေအနေနဲ့ မြန်မာနိုင်ငံကိုလာဖို့ သံရုံးအသီးသီးက ဗီဇာထုတ်မပေးဘူးဆိုရင် အစိုးရကို တိုင်ကြား နိုင်ကြောင်း၊ မြန်မာနိုင်ငံကို လာရောက်စဉ်မှာလည်း အမည်ပျက်စာရင်း သွင်းခံရဖူးသူတွေအတွက် အထူးသီးသန့် ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ မရှိကြောင်း၊ မြန်မာနိုင်ငံမှာ ကာလရှည်ကြာစွာ နေထိုင်လိုတဲ့ မြန်မာနိုင်ငံဖွား ပြည်ပနိုင်ငံသားတွေအတွက် အမြဲတမ်းနေထိုင်ခွင့် (Permanent Residence) ထုတ်ပေးဖို့ ကိစ္စကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက စဉ်းစားနေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
လက်ရှိ အမည်မဲစာရင်းက ပယ်နှုတ်ခြင်း မပြုရသေးတဲ့ မြန်မာနိုင်ငံသားတချို့နဲ့ ပြည်ပနိုင်ငံသား တချို့ကို သမ္မတ ဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်အရ မြန်မာနိုင်ငံကို ပြန်လာခွင့် ပြုခဲ့တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒီအတောအတွင်း အမည်မဲစာရင်းက ပယ်ဖျက်ခံရတဲ့ မြန်မာနိုင်ငံသား ၉၃၅ ဦးနဲ့ ပြည်ပ နိုင်ငံခြားသား ၁၁၄၇ ဦးရဲ့ နာမည်စာရင်းတွေကို မြန်မာနိုင်ငံ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ထုတ်ပြန်ဖော်ပြထားတာကို မြင်တွေ့ရပါတယ်။
အဲဒီအမည်မဲ စာရင်းက ပယ်ဖျက်ပေးလိုက်တဲ့ သူတွေထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်း အောလ် ဘရိုက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးတို့လည်း ပါဝင်ကြောင်း သိရပါတယ်။
တဆက်ထဲပဲ နာမယ်ပျက်စာရင်းက ဖယ်ရှားပေးခဲ့တဲ့ အဖွဲ့အစည်းတချို့ရဲ့ ဦးဆောင်သူတွေကို ဒေါ်အင်ကြင်းနိုင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်း တင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |