ကရင် BGF အဖွဲ့နဲ့ DKBA ခွဲထွက်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
ကရင်ပြည်နယ် ဘားအံမြို့နယ် မီးဇိုင်းတောင်ခြေအနီးမှာ နယ်ခြားစောင့်တပ် (BGF) နဲ့ DKBA ခွဲထွက်အဖွဲ့တို့ မနေ့ညနေပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
-
2019-06-21 -
-
-
ကရင်ပြည်နယ် ဘားအံမြို့နယ် မီးဇိုင်းတောင်ခြေအနီးမှာ နယ်ခြားစောင့်တပ် (BGF) နဲ့ DKBA ခွဲထွက်အဖွဲ့တို့ မနေ့ညနေပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မနေ့ညနေကစပြီး ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ရာမှာ ဒီနေ့မနက်ပိုင်းမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေဆဲဖြစ်ကြောင်း နယ်ခြားစောင့်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။
DKBA ခွဲထွက်အဖွ့ဲလို့ပြောရမယ့် အဖွဲ့ဟာ မီးဇိုင်းတောင်ခြေအနီးမှာ မိုင်းထောင်တာတွေ လုပ်နေတာကြောင့် ဒေသခံတွေ မိုင်းထိမှန်တာတွေရှိနေပြီး မိုင်းမထောင်ဖို့ ညှိနှိုင်းပေမယ့် မရတာကြောင့် အခုလို ပစ်ခတ်မှုတွေဖြစ် တာလို့လည်း ဗိုလ်မှူး နိုင်မောင်ဇော်က RFA ကိုပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့ အကြောင်းသာ သိရပြီး အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးကြောင်း လည်း ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး DKBA ခွဲထွက်အဖွဲ့ကို RFA က ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။
တိုက်ပွဲကြောင့် ဒေသခံရွာသား ၁၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။