KNU တပ်မဟာ ၆ နယ်မြေက တိုက်ပွဲတွေကြောင့် လူထောင်နဲ့ချီ ထွက်ပြေးရ
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ မြဝတီခရိုင်နဲ့ ကော့ကရိတ်မြို့နယ်တွေမှာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ပြေးဒုက္ခသည် ခြောက်ထောင်ကနေ ရှစ်ထောင်ကြား ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။
- 2022-03-26
-
-
-
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ မြဝတီခရိုင်နဲ့ ကော့ကရိတ် မြို့နယ်တွေမှာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ပြေးဒုက္ခသည် ခြောက်ထောင်ကနေ ရှစ်ထောင်ကြား ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။
KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ဝေါလေဒေသ၊ ကရင်ပြည်နယ် မြဝတီခရိုင်၊ မောခီးကျေးရွာအနီးက စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၃၂) စခန်းကို KNU တပ်မဟာ (၆) လက်အောက်ခံ KNLA ၂ဝ၁ တပ်ရင်းနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ မတ် ၂၁ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နှစ်ဘက်တိုက်ပွဲတွေ ပိုပြင်းထန်လာတာပါ။
တိုက်ပွဲတွေကြောင့် ဒေသခံ စစ်ပြေးဒုက္ခသည်တချို့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးကလည်း ပြောပါတယ်။
မတ် ၂၅ ရက်နေ့တုန်းက တိုက်ပွဲတွေ ပြင်းထန်လို့ သောင်းရင်းမြစ်နံဘေး မယ့်ကိုကင်းမှာ ခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည် ၅၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးလာကြတယ်လို့ စစ်ပြေးဒုက္ခသည်တွေကို ကူညီနေတဲ့ သဘာဝရိပ်သာ TCTF လူမှုကူညီရေး အဖွဲ့အစည်းက ကိုအောင်သူလင်းကလည်း ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ကော့ကရိတ်-မြဝတီ (အာရှလမ်းမကြီး) နဲ့ မြဝတီ-ဝေါလေ လမ်းပိုင်းတွေမှာ ယာဉ်သွား၊ ယာဉ်လာတွေ ယာယီရပ်ဆိုင်းလိုက်တယ်လို့ KNU က မတ်လ ၂၆ ရက်က သတင်း ထုတ်ပြန်ပါတယ်။