ဘီးလင်း NLD လွှတ်တော်ကိုယ်စားလှယ် အဖမ်းခံရပြီး ပျောက်နေ
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ပေါ်ခီးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က စစ်တပ်က ဖမ်းဆီးသွားတဲ့ NLD ပါတီရဲ့ ဘီးလင်းမြို့နယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ ဒီနေ့အထိ အဆက်အသွယ် မရတော့ဘဲ ပျောက်နေပါတယ်။
- 2022-06-30
-
-
-
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ပေါ်ခီးကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က စစ်တပ်က ဖမ်းဆီးသွားတဲ့ NLD ပါတီရဲ့ ဘီးလင်းမြို့နယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ ဒီနေ့အထိ အဆက်အသွယ် မရတော့ဘဲ ပျောက်နေတယ်လို့ မိသားစုက RFA ကို ဒီနေ့ပြောပါတယ်။
ဘာသတင်းအစအနမှ မရတော့တာကြောင့် သူ့ရဲ့အသက်အန္တရာယ်အတွက် စိုးရိမ် နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဦးကျော်မျိုးမင်းရဲ့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။
“စိုးရိမ်တာကလေ၊ သူတို့တွေ အခုလို ခေါ်သွားခံရပြီးတော့ တိုက်ပွဲတွေကလည်း ဖြစ်နေတယ်။ စစ်ကြောင်းတွေမှာလည်း သူတို့က ပါနေတယ်ဆိုတော့ အပစ် အခတ်တွေမှာ တစ်ခုခု ဖြစ်သွားမှာလည်း ဆိုးတယ်ပေါ့နော်။ စစ်ကြောရေးဆိုလည်း စစ်ကြောရေး ရောက်တယ်ပေါ့။ အခုက တိတိကျကျ မသိရဘဲ အဖြူအမည်း မသဲကွဲသေးတော့ ဘာဖြစ်နေမလဲဆိုတာ စိတ်ပူနေရတယ်”
ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းဟာ NLD ပါတီဝင်နှစ်ဦးနဲ့ ဒေသခံ တစ်ဦးနဲ့အတူ ဆိုင်ကယ်တွေနဲ့ ခရီးသွားစဉ် ပေါ်ခီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တိုးပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာပါ။
ဘီးလင်းမြို့နယ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ တပ်တွေဟာ တပ်မ ၄၄ လက်အောက်ခံ သိမ်ဇရပ် အခြေစိုက် ခမရ - ၂၀၇၊ ကျိုက်ထို အခြေစိုက် - ခလရ ၂၊ သထုံ အခြေစိုက် ခမရ - ၁၀၂၊ ၁၁၈ နဲ့ နယ်ခြားစောင့်တပ်ရင်း -၁၀၁၃ အဖွဲ့တွေပါဝင်ပြီး အခုဖမ်းဆီးသွားတဲ့ တပ်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
ဦးကျော်မျိုးမင်းတို့ အဖမ်းခံရတဲ့ ဖြစ်စဉ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ အဲဒီဖြစ်စဉ်ကို သိတဲ့သူတွေက ပြောပါတယ်။
အဖမ်းခံရပြီး ပြန်ထွက်ပြေးလာသူရဲ့ ပြောဆိုချက်အရ သူထွက်ပြေးဖို့ ကြိုးစားစဉ် ဦးကျော်မျိုးမင်းကိုပါ ခေါ်ယူဖို့ ကြိုးစားပေမယ့် ဦးကျော်မျိုးမင်းကို ထွက်ပြေးလို့ မရအောင် ခြေထောက်တွေကို ရိုက်နှက်ထားတာကြောင့် မတ်တတ်တောင် မရပ်နိုင်တဲ့ အခြေ အနေမျိုး ရှိနေတယ်လို့လည်း ဆိုပါတယ်။
“သူက စစ်တပ်က အာဏာသိမ်းလိုက်တော့ ခဏ ရှောင်နေရတယ်။ KNU ဘက်ခြမ်းကို ရောက်သွားတယ်။ ဘီးလင်း ဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့တယ်။ ပုဒ်မ - ၅၀၅ အထုတ် ခံရပြီးတော့ကို ဆန္ဒပြပွဲတွေမှာ ဆက်ပါနေတုန်းပဲ။ နောက်ပိုင်းမှာ အကြမ်းဖက်ပုဒ်မပါ တပ်လိုက်တယ်လို့ သိရတယ်။ အခုတော့ မိသွားတော့ သေနတ် အတိုနှစ်လက်၊ အရှည်နှစ်လက် သူနဲ့ အတူ မိတယ်ပေါ့” လို့ ဒီဖြစ်စဉ်ကို သိရှိထားတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဘီးလင်းမြို့နယ်က ဦးကျော်မျိုးမင်းရဲ့ အိမ်ကို စစ်ကောင်စီ အဖွဲ့ဝင်တွေ ရောက်ရှိလာပြီး မေးမြန်းတာ၊ သန်းခေါင်စာရင်း စစ်တာတွေ ရှိပေမယ့် ရှာဖွေတာ၊ ဖျက်ဆီးတာမျိုး တွေတော့ မရှိဘူးလို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ၁၁၉ ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး အဖမ်းခံနေရစဉ် အတောအတွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်အောင် မရတာကြောင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ NLD ပါတီက ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲတွေမှာ လူထုနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီး စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုတွေ လုပ်ဆောင် လာပြီးနောက် လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်မှာ ပါဝင်နေကြသူတွေလည်း ရှိနေပါတယ်။