ပူတာအိုမှာ တိုက်ပွဲပြင်းထန်နေ

ပူတာအိုမြို့နယ် ရှိန်ဂတ်ဘွမ် စခန်းမှာ တိုက်ပွဲဖြစ် ပွားခဲ့ပြီး စစ်တပ်ဘက်က သုံးဦး သေဆုံးခဲ့တယ်လို့ KIA တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

၂၀၂၂၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဆွမ်ပီယာန်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းအား KIA သိမ်းယူပြီး မီးရှို့ဖျက်ဆီးစဥ် .

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ အင်စီယာန်ကျေးရွာနားက ရှိန်ဂတ်ဘွမ် စစ်ကောင်စီ တပ်စခန်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သုံးဦး သေဆုံးခဲ့တယ်လို့ KIA တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ နဲ့ ၁၉ ရက်တွေက KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၇) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အမည်မဖော်လိုတဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲက နှစ်ရက် ဆက်ဖြစ်တယ်၊ ဒီနေ့က ပြန်ငြိမ်နေတယ်။ အခုက နှစ်ဖက် စောင့်ကြည့်နေကြဆဲ ဖြစ်တယ်။ နှစ်ရက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေတာက ၃ ယောက်လောက်တော့ ရှိမယ်လို့ ခန့်မှန်းရတယ်"

စစ်ကောင်စီဘက်က ဒု-တပ်ရင်းမှူးအဆင့် ကွပ်ကဲတဲ့ ရှိန်ဂတ်ဘွမ် စခန်းက သေဆုံးမှု တွေရှိတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားသလို ဒီနေ့လည်း စစ်ကောင်စီက ပူတာအိုမြို့မှာ ရဟတ်ယာဉ်နဲ့ စစ်သည်အင်အားတွေ တိုးချပေးနေတယ်လို့ ပူတာအို ဒေသခံ တစ်ဦးက ဆိုပါတယ်။

ဒီနေ့တစ်နေ့လုံး တိုက်ပွဲငြိမ်သက်နေခဲ့ရာကနေ ညနေ ငါးနာရီမှာတော့ ရှိန်ဂတ်ဘွမ် စစ်ကောင်စီ တပ်စခန်းဘက်ကနေ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က ဆွမ်ပီယာန်ရွာက စစ်ကောင်စီတပ်စခန်းကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ ဆွမ်ပီယာန်၊ လုံရှာယာန်၊ အင်စီယာန် စတဲ့ရွာတွေက ဒေသခံ ၆၀၀၀ ကျော်ဟာ ဘေးလွတ်ရာ တောတောင်ထဲကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲပေါင်း အကြိမ် ၂၀ ခန့် ဖြစ်ပွားခဲ့တယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်က RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org