တိုက်ပွဲတွေကြောင့် ပိတ်မိသူတွေ လွှတ်ပေးရေး သပိတ်စခန်း ပိတ်သိမ်း

ကချင်ပြည်နယ်က မြို့နယ်အတော်များများမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ရင်း ပိတ်မိနေတဲ့ ဒေသခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် မြစ်ကြီးနားမြို့ မှာ ဒီနေ့ညနေပိုင်းက ဖွင့်လှစ်တဲ့ သပိတ်စခန်းကို ပြည်နယ်ဝန်ကြီးချုပ် လက်မှတ်နဲ့ ခွင့်မပြုကြောင်း စာထုတ်ပြီး တားမြစ်တာကြောင့် ပိတ်သိမ်းလိုက်ပါတယ်။

ပိတ်မိနေတဲ့ ဒေသခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းမှာ ဖွင့်လှစ်တဲ့ သပိတ်စခန်းကို ပိတ်ပင်တားမြစ်စဉ် Photo: Kachin Youth Movement

ကချင်ပြည်နယ်က မြို့နယ်အတော်များများမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေ တာကြောင့် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ရင်း ပိတ်မိနေတဲ့ ဒေသခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့ အတွက် မြစ်ကြီးနားမြို့ မှာ ဒီနေ့ညနေပိုင်းက ဖွင့်လှစ်တဲ့ သပိတ်စခန်းကို ပြည်နယ်ဝန်ကြီးချုပ် လက်မှတ်နဲ့ ခွင့်မပြုကြောင်း စာထုတ်ပြီး တားမြစ်တာကြောင့် ပိတ်သိမ်းလိုက်ပါတယ်။

မြစ်ကြီးနားမြို့ အ.ထ.က ၈ ကျောင်းရှေ့မှာ သပိတ်စခန်းဖွင့်တာကို တားမြစ်တာကြောင့် ပိတ်သိမ်းလိုက်ပေမယ့် တခြားနေရာမှာ ထပ်မံဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ သပိတ်စခန်းဖြစ်မြောက်ရေးတာဝန်ခံ မဆွတ်ဆိုင်းထွယ် က ပြောပါတယ်။

"ပိတ်မိနေတဲ့လူ ၃ဝဝဝ မလွတ်မြောက်မလာမချင်း ကျမတို့ကဆက်လုပ်သွားမယ်၊ ဒါပေမဲ့ ကျမတို့က လုံးဝ အကြမ်းမဖက်ဘဲ ဥပဒေဘောင်အတွင်းကနေပဲလုပ်သွားမယ်၊ ကျမတို့လူငယ်တွေက ဥပဒေအတိုင်းခွင့်တင် ခဲ့တယ်၊ ဥပဒေအတိုင်းလည်းရခဲ့တယ်၊ အာဏာပိုင်တွေက ဥပဒေနဲ့မဟုတ်ဘဲ ကျမတို့ကို ရုပ်သိမ်းပေးပါ လို့ပြောတဲ့ဟာတွေက ဥပဒေနဲ့ တခြားဆီဖြစ်နေတယ်၊ ပြည်သူတွေ မထွက်လာမချင်း လုံးဝမရုပ်သိမ်းဘူး၊ ဘယ်နေရာမှာ ပြန်လုပ်မယ်ဆိုတာ ကျမတို့မပြောနိုင်သေးဘူး၊ ဒါပေမဲ့ ကျမတို့လုပ်မယ်"

ပြည်နယ်ရဲမှူးကြီး သန်းဦး က ငြိမ်းစုစီဥပဒေနဲ့ မညီတာကြောင့် တားမြစ်တာဖြစ်တယ်လို့ အခုလိုပြောပါတယ်။

"အများပြည်သူသွားတဲ့ လမ်းကြောင်းပေါ်မှာရှိတာရယ်၊ နောက်ယာဉ်အသွားအလာ လမ်းကြောင်းအပေါ်မှာ တချက်ရှိတယ်၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေမှာ ပြည်သူတွေ လိုက်နာရမယ့်အချက်တွေ ၁၀ ချက်လောက်ရှိပါတယ်၊ နောက်ဆုံးမှာ ခွင့်ပြုမိန့်မရရှိတဲ့အတွက်ကြောင့်ပါ"

အဲဒီသပိတ်စခန်းမှာ ကချင်လူငယ် ၂၀၀ နီးပါး ပါဝင်ပါတယ်။

ပိတ်မိနေတဲ့ ဒေသခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် မနက်ပိုင်းမှာ ဒေသခံတွေအရပ်ဖက်အဖွဲ့တွေ နိုင်ငံရေး ပါတီတွေက ပါဝင်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲနဲ့ သပိတ်စခန်းကို "ပိတ်မိပြည်သူများ လွှတ်ပေးရေးကော်မတီ" က ဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်။ အဲဒီ ကော်မတီကို ကချင်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဖားကန့်၊ တနိုင်း၊ အင်ဂျန်းယန်၊ မိုးကောင်းစတဲ့ ဒေသတွေမှာ အစိုးရနဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ ချီတဲ့ ဒေသခံတွေ တောတောင်တွေထဲမှာ ပုန်းအောင်းခိုလှုံနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org