NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

NLD ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲကို အပျော့ပြောင်းဆုံး နည်းလမ်းနဲ့ ဖြေရှင်းလိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့ တွင် ရန်ကုန်မြို့တွင် တွေ့ဆုံအပြီး သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့သည်။ AFP

ဒီဆုံးဖြတ်ချက်ဟာ ခက်ခက်ခဲခဲ ချလိုက်ရတဲ့ ဆုံးဖြတ်ချက်ဆိုတာ နားလည် သဘောပေါက်ပါတယ် လို့လည်း ပြောဆိုပါတယ်။

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ဘန်ကီမွန်းက - ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အတွက် စစ်မှန်ခိုင်မာတဲ့ democracy ခေါင်းဆောင်တဦး ဖြစ်ကြောင်း၊ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို လေးစား တန်ဖိုးထားပါကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်သာ လွှတ်တော်ထဲ ရောက်သွားမယ် ဆိုရင် အရေးပါပြီး အပြု သဘောဆောင်တဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာနိုင်မှာ ဖြစ်သလို မြန်မာနိုင်ငံ အတွက် အကောင်းဆုံး လုပ်ငန်းစဉ်တွေကို စတင်နိုင်မှာ ဖြစ်တယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org