ရိုဟင်ဂျာတွေနေရပ်ပြန်ခေါ်ရေး ဘင်္ဂလားဒေ့ရှ်ဖိအားပေး

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံအစိုးရတွေကြား ပုံမှန်ဆွေးနွေးတာတွေရှိနေပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ဖိအားပေးနေတယ်လို့လည်းဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်ကြသူတချို့အား ၂ဝ၂၄ ခုနှစ် မေလ ၂ ရက်နေ့က တွေ့ရစဉ်။ Photo: Reuters

မြန်မာပြည်တွင်းဖြစ်နေတဲ့ ပဋိပက္ခတွေ၊ မငြိမ်သက်မှုတွေကို အကြောင်းပြပြီး ရိုဟင်ဂျာတွေနေရပ်ပြန်ခေါ်ရေး အချိန်ဆွဲ နှောင့်နှေးနေလို့မဖြစ်ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမတ်က ပြောလိုက်ပါတယ်။

မြန်မာပြည်မငြိမ်သက်တာ အခုမှမဟုတ်ဘဲ နှစ်ပေါင်း ၁ဝဝ လောက်ရှိနေပြီလို့လည်း ဝန်ကြီးကပြောဆိုခဲ့ကြောင်း မေလ ၁၃ ရက်နေ့ထုတ် ဒါကာထရီဗျူး (Dhaka Tribune) သတင်းမှာ ဖော်ပြပါတယ်။

မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်မယ်လို့ ခဏခဏပြောနေပေမဲ့ ပြီးခဲ့တဲ့ ခုနစ်နှစ်လုံးလုံး ရိုဟင်ဂျာတစ်ယောက်တောင် ပြန်မခေါ်နိုင်သေးဘူးလို့လည်း သူကထောက်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံအစိုးရတွေကြား ပုံမှန်ဆွေးနွေးတာတွေရှိနေပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ဖိအားပေးနေတယ်လို့လည်းဆိုပါတယ်။

ရိုဟင်ဂျာတွေကို အချိန်အကြာကြီးလက်ခံထားရတာကြောင့် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်တဲ့အပြင်၊ ရိုဟင်ဂျာတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာလည်း ပါဝင်ပတ်သက်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အိမ်နီးချင်းရခိုင်ပြည်နယ်ထဲမှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ငါးရာလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရပါတယ်။

အဲဒီတပ်ဖွဲ့ဝင်တွေကို မြန်မာပြည်ဘက်ပြန်ပို့လိုက်ပြီးနောက် အခုတစ်ခါ မြန်မာစစ်တပ်က ဒုတိယဗိုလ်မှူးကြီးအဆင့်အပါအဝင် နောက်ထပ် ၁၃၈ ယောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတယ်လို့ ဝန်ကြီးက ပြောပါတယ်။ သူတို့ကိုလည်း နေရပ်ပြန်ပို့ဖို့ မြန်မာဘက်နဲ့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org