ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်မှု ရန်ကုန်သံဃာများ ဆန္ဒပြ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် ပန်းဝါ ခေါ် ရာမူးမြို့က ဗုဒ္ဓရုပ်ပွားတော်မြတ်တွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ဖျက်ဆီးခံရတာကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ် အရှေ့ပိုင်းက မကွေးပရိယတ္တိ စာသင်တိုက်မှာ သံဃာအပါး ၂၀၀ ကျော်တို့က အာဏာပိုင်တွေ တားဆီးထားတဲ့ကြားက ဒီကနေ့ နေ့လည်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
- 2012-10-04
-
-
-
မကွေးပရိယတ္တိ စာသင်တိုက်ရှေ့မှာ သံဃာတော် နှစ်ပါးဆီ ယှဉ်တွဲလမ်းလျှောက်ကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်တွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ မီးရှို့ဖျက်ဆီးတာတွေ ရပ်တန့်ပေးဆိုတာကို ကျောင်းထိုင်ဆရာတော် ဦးပါမောက္ခက ရှေ့က တိုင်ပေးပြီး သံဃာအပါး ၂၀၀ ကျော်က သံပြိုင် ကြွေးကြော်ခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုလို အကြမ်းဖက်တာတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရတွေ အနေနဲ့ တားဆီးပေးဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ဒီဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်တဲ့ မကွေးပရိယတ္တိ စာသင်တိုက် ကျောင်းထိုင် ဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။
"ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေကို ရိုဟင်ဂျာတွေက မီးရှို့ပြီးတော့ ဖျက်ဆီးတယ်။ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်မြတ်တွေကို ခေါင်းဖြတ်တယ်။ အဲ့နိုင်ငံမှာရှိတဲ့ ဘုန်းတော်ကြီးတွေကို အကြမ်းဖက် နှိမ်နှင်းတယ်။ အဲ့ဒါကို ဘင်္ဂလားဒေ့ရှ် အစိုးရကနေပြီးတော့ ဒီပုဂ္ဂိုလ်တွေအပေါ် ကာကွယ်တားဆီးပေးဖို့ လို့ အဓိက ရည်ရွယ်တယ်။“
ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးရှေ့မှာ ဆန္ဒပြပွဲပြုလုပ်ဖို့ကို ကမာရွတ်မြို့နယ် ရဲစခန်းမှာ ခွင့်ပြုချက်တောင်းခဲ့ပေမယ့် မရရှိခဲ့ကြပါဘူး။ ဒါ့အပြင် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ကလည်း ဆန္ဒပြပွဲ မပြုလုပ်ဖို့ ခေါ်ယူ တားမြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလ (၂) ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာရှိတဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံ သံရုံးရှေ့မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။