အာဆာ ခေါင်းဆောင်အပါအဝင် ဆယ်ဦး ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး

ARSA ခေါင်းဆောင် အာတာအူလ္လာ (Ataullah) အပါအဝင် ဆယ်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ခေါင်းဆောင် Ataullah အပါအဝင် ဖမ်းဆီးခံရသူတချို့အား တွေ့ရစဉ်။ Photo: Dhaka Tribune

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) ခေါင်းဆောင် အာတာအူလ္လာ (Ataullah) အပါအဝင် ဆယ်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် Dhaka Tribune သတင်းက မတ်လ ၁၈ ရက်နေ့မှာ ဖော်ပြပါတယ်။

သူတို့အားလုံးကို မတ်လ ၁၇ ရက်နေ့ညပိုင်းမှာ ခြောက်ဦးနဲ့ လေးဦးစီ နှစ်နေရာခွဲပြီး ဖမ်းဆီးရမိခဲ့တာပါ။

ARSA ခေါင်းဆောင်အပါအဝင် ဖမ်းဆီးခံရသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်မှုတွေနဲ့ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ARSA ခေါင်းဆောင် အာတာအူလ္လာ (Ataullah) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်ဒုက္ခသည်စခန်းက အထင်ကရ ရိုဟင်ဂျာခေါင်းဆောင် မိုဟစ်အူလာကို သတ်ဖြတ်ဖို့ အမိန့်ပေးတာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာတစ်ဦးကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့ကြောင်း သံသယရှိသူလို့ ဖော်ပြပါတယ်။

ARSA အဖွဲ့ဟာ ရခိုင်ပြည်နယ်။ မောင်တောမြို့နယ်မှာလည်း လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org