ဗန်းမော်မြို့နယ် ဧရာဝတီမြစ်ဘေးတစ်လျှောက်ရွာတွေ စီးနင်းခံရ

ရွှေကူမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောကိုးစီးဟာ ဗန်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်ဘေးတစ်လျှောက်က ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းမီးရှို့နေပါတယ်။

ဗန်းမော်မြို့နယ် မြလယ်ရွာ မီးရှို့ခံထားရသည်ကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောကိုးစီးဟာ ဗန်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်ဘေးတစ်လျှောက်က ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းမီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ ၁၈ ရက်နေ့ မနက်ကစလို့ မြလယ်ရွာမှာ စစ်သင်္ဘောကိုးစီး ကမ်းကပ်လာပြီးနောက် မြလယ်ရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်ငါးစီးနဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗန်းမော်မြို့က အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ကို စစ်လက်နက်နဲ့ ရိက္ခာလာပို့တဲ့ စစ်သင်္ဘောတွေဟာ ကြားဖြတ်တိုက်ခိုက်တာမခံရဖို့ မြစ်ဘေးတစ်လျှောက် ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ရင်း ဆန်တက်လာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဗန်းမော်မြို့က စကခ (၂၁) မှာ ရိက္ခာပြတ်နေတာ ကိုးလလောက်ရှိပြီလို့ ကြားတယ်။ အဲဒါကြောင့် အတိုက်မခံရအောင် လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပြီး တက်လာတဲ့ သဘောပေါ့။ KIA၊ KPDF တွေအတွက်လည်း အဲဒီ သင်္ဘော ဗန်းမော်ဘက်ကို မရောက်သွားအောင် တားနိုင်ဖို့ အရေးကြီးတယ်”

စစ်သင်္ဘောတွေနဲ့ အတူ လိုက်ပါလာတဲ့ စစ်ကောင်စီ တပ်အင်းအား နှစ်ရာနီးပါးက မြလယ်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးထားတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ ဧရာဝတီ မြစ်ဘေးတစ်လျှောက်က စင်းခန်း၊ နမ့်ခုတ်၊ ဘူးတောင်း၊ မြလယ်၊ ကောင်းတုံး၊ စာဝတီး၊ ညောင်ပင်သာ စတဲ့ ကျေးရွာတွေကထဲ ဒေသခံ နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ တပ်တွေဟာ KIA ဌာနချုပ် လိုင်းဇာမြို့အနီး နမ်ဆန်ယန်ရွာ တစ်ဝိုက်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လကစလို့ ထိုးစစ်ဆင်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org