ပုဂံမှာ နေဝင်နေထွက်ချိန်ကြည့် ရှုနိုင်မယ့် နေရာ ၅ ခု စီစဉ်မည်
ပုဂံမှာ နေဝင်နေထွက်ချိန်တွေကို ကြည့်ရှုနိုင်မယ့် နေရာ ၅ ခု စီစဉ်သွား မှာဖြစ်ပြီး ကျပ်သိန်းပေါင်း ၃၅၀၀ ကျော် အကုန်အကျခံ ဆောက်လုပ်သွားမယ် လို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့် က ပြောပါတယ်။
-
2017-01-29 -
-
-
ပုဂံမှာ နေဝင်နေထွက်ချိန်တွေကို ကြည့်ရှုနိုင်မယ့် နေရာ ၅ ခု စီစဉ်သွားမှာဖြစ်ပြီး ကျပ်သိန်းပေါင်း ၃၅၀၀ ကျော် အကုန်အကျခံ ဆောက်လုပ်သွားမယ် လို့ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် က ပြောပါတယ်။
ပုဂံဘုရားတွေရဲ့ ရေရှည်တည်တံ့မှုကို ထိန်းသိမ်းပြီး ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ဆက်ပြီး ထိန်းချင်တာကြောင့် အခုလိုလုပ်တာဖြစ်တယ်လို့ ဦးစိုးတင့် က ပြောပါတယ်။
"တိုင်းဒေသကြီးအစိုးရရဲ့ အစီစဉ်နဲ့ပဲ ဖြစ်မှာပါခင်ဗျ၊ တိုင်းဒေသကြီးအစိုးရ ဘယ်လိုစီစဉ် ပေးမယ်ဆို တာတော့ မသိသေးဘူးပေါ့နော်။ အဲလိုပဲ လုပ်မှာပါခင်ဗျ၊ ခရီးသွားလုပ်ငန်းကိုလည်း အရှိန်အဟုန် မပြတ်စေချင်ဘူး၊ နောက်တစ်ခုက ကိုယ့်ရဲ့ရှေးဟောင်းအမွေအနစ်တွေကိုလည်း မပျက်စီးစေချင် ဘူးပေါ့နော်။ နောက်တစ်ခုက အဂါရဝလည်းဖြစ်တယ်။ လူတက်ပါများလို့ရှိရင် မသိသာပေမယ့် ဖြည်းဖြည်း ချင်းကျလို့ရှိရင် ထိခိုက်မှုတော့ ရှိလာတာပေါ့နော်။ နှစ်ကြာလာတာနဲ့အမျှ အဲဒီဒဏ်ကို ၊ ရှေးဟောင်းအမွေ အနှစ်တွေကိုလည်း ထိန်းချင်တယ်။ဒီဘက်ကလည်း ထိန်းချင်တယ်၊ တဘက်က ခရီးသွားလုပ်ငန်းကိုလည်း ထိန်းချင်တော့ ဟန်ချက်ညီအောင် လုပ်သွားမှာပါ ခင်ဗျ။"
ပုဂံဘုရားတွေရဲ့ဆည်းဆာအလှတွေကို ကြည့်ရှုနိုင်ဖို့ ကိုမောက်ကန်၊ စူဠာမဏိကန်၊ အိုးထိန်းကုန်း အရှေ့၊ အိုးထိန်းကုန်းအနောက် ၊ ညောင်လက်ဖက်ကန်နဲ့ သူဌေးကန်တွေထဲကနေ သင့်တော်မယ့် နေရာတွေ ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။
အိုးထိန်းကုန်းအရှေ့နဲ့ အိုးထိန်းကုန်းအနောက် နေရာတွေမှာတော့ လာမယ့် ဖေဖော်ဝါရီလလောက်မှာ အကောင်အထည်ဖော်ပြီးမှာဖြစ်တယ်လို့ သိရပါတယ်။
ဆည်းဆာကြည့်နိုင်မယ့်နေရာတွေကို ဆောက်လုပ်ပေးပြီးပြီဆိုရင် ကြံ့ခိုင်မှုရှိတဲ့ ဘုရားတွေမှာ ဆက်လက်ကြည့် ခွင့်ပြုမှာဖြစ်ပေမယ့် အလှူငွေကောက်ခံ သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ ဘုရားတွေ ပြန်လည်ပြုပြင်ဖို့အတွက် ကောက်ခံထားတဲ့ အလှုငွေတွေဟာ ကျပ်သိန်းပေါင်း ၃ သောင်း ၃ ထောင်ကျော် ရရှိပြီလို့လည်း သိရပါတယ်။