စီမံခန့်ခွဲမှု မကောင်းလို့ နိုင်ငံပိုင်စက်ရုံတွေ အရှုံးပေါ်တာလို့ စစ်ဆေးရေးအဖွဲ့ပြော
၅ နှစ်ဆက်တိုက် အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေဟာ စီမံခန့်ခွဲမှုမကောင်းလို့ အရှုံးပေါ်နေ တာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ အဲဒီစက်ရုံတွေကို ကွင်းဆင်းစစ်ဆးခဲ့တဲ့ လေ့လာ သုံးသပ်ရေးအဖွဲ့က ပြောပါတယ်။
-
2018-01-12 -
-
-
၅ နှစ်ဆက်တိုက် အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေဟာ စီမံခန့်ခွဲမှုမကောင်းလို့ အရှုံးပေါ်နေတာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ အဲဒီစက်ရုံတွေကို ကွင်းဆင်းစစ်ဆးခဲ့တဲ့ လေ့လာသုံးသပ်ရေးအဖွဲ့က ပြောပါတယ်။
တစ်နှစ်ကို ကျပ်ငွေဘီလီယံ ၄၀၀/၅၀၀ လောက် ဆုံးရှုံးနေတဲ့ နိုင်ငံပိုင်စက်ရုံ ၂၄ ရုံကို ကွင်းဆင်းစစ်ဆေးခဲ့ တာဖြစ်တယ်လို့ ကွင်းဆင်းစစ်ဆးတဲ့အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး က ပြောပါတယ်။
" ၅ နှစ်ဆက်တိုက် အရှုံးပေါ်တဲ့ စက်ရုံ ၂၄ ရုံ၊ တစ်နှစ်ကို ဘီလီယံ ၄/၅ ရာလောက်ရှုံးတယ်၊ လွှတ်တော်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်၊ ရပ်ဆိုင်းပြီးတော့ လေ့လာသုံးသပ်ရေးအဖွဲ့ဖွဲ့ပြီးတော့ ကွင်းဆင်းစစ်ဆေးတာပေါ့၊ စီမံခန့်ခွဲမှု မကောင်းတာရယ်၊ နောက် Waste တွေ အရမ်းများတာရယ်။"
ဒါ့အပြင် ကုန်ကြမ်းတွေ မထွက်တဲ့ဒေသတွေမှာ စက်ရုံတည်ထားတာတွေကြောင့် မအောင်မြင်တာ၊ ထုတ်လုပ်မဲ့ စရိတ်တွေများတာ၊ တစ်ချို့စက်ရုံတွေက စီမံကိန်းစတဲ့အချိန်တုန်းက မျှော်လင့်ထားတဲ့ စွမ်းအားအရင်းမြစ်တွေ မရတာတွေနဲ့ စီးပွားရေးအရ မကြည့်ဘဲ ဒေသဖွံ့ဖြိုးရေးတို့၊ စစ်ရေးအမြင်တို့နဲ့ လုပ်ကိုင်ခဲ့တာ စတဲ့ အကြောင်းတွေကြောင့် မအောင်မြင်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
စက်ရုံတွေကို တစ်ရုံချင်း သွားရောက်လေ့လာပြီးနောက် အစီရင်ခံစာရေးနေပြီဖြစ်ပြီး လာမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးကို တင်ပြသွားမှာ ဖြစ်တယ်လို့လည်း ဦးအောင်ကျော်ကျော်ဦး က ပြောပါတယ်။
အဲဒီစက်ရုံ ၂၄ ရုံကို ယာယီရပ်နားထားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ ဦးအပါအအဝင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်က ဌာနဆိုင်ရာတာဝန်ရှိသူတွေ စုစုပေါင်း ၂၃ ဦးအဖွဲ့က အသေးစိတ် သွားရောက်လေ့လာခဲ့တာလည်း ဖြစ်ပါတယ်။
မအောင်မြင်ဘဲ အရှုံးပေါ်ခဲ့တဲ့ နိုင်ငံပိုင်စက်ရုံတွေမှာ ပုသိမ်မြို့က မှန်ထုတ်လုပ်ရေးစက်ရုံ၊ တောင်သာမြို့က စွပ်ကျယ်စက်ရုံ၊ သန်လျင်မြို့က ရေနံချက်စက်ရုံ၊ ကြံခင်းမြို့က ဘိလပ်မြေစက်ရုံနဲ့ ပင်းပက်မြို့က သံမဏိစက်ရုံ စတဲ့စက်ရုံတွေ ပါဝင်ပါတယ်။