ဧရာဝတီတိုင်းမှာ စစ်ရေးသတိရှိဖို့ ဒုစစ်ခေါင်းဆောင် ပြော
ဧရာဝတီတိုင်းမှာ စစ်ရေးသတိရှိကြဖို့ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပုသိမ်ခရီးစဉ်မှာ ပြောပါတယ်။
-
RFA Burmese
2024-12-28 -
-
-
ဧရာဝတီတိုင်းမှာ စစ်ရေးသတိရှိကြဖို့ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီဇင်ဘာလ ၂၇ ရက် မနေ့က ဧရာဝတီတိုင်း၊ ပုသိမ်ခရီးစဉ်မှာပြောတဲ့အကြောင်း စစ်ကောင်စီ ထိန်းချုပ်သတင်းစာတွေမှာ ဖော်ပြပါတယ်။
ပုသိမ်မြို့က နယ်မြေခံ စစ်သင်တန်းကျောင်းမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ပြည်သူ့စစ်မှုထမ်းတွေနဲ့ တွေ့ဆုံခဲ့ပြီး ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ဖို့၊ စစ်ရေးသတိရှိဖိုနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ပြင်ရှိနေဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် ဂွမြို့အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဧရာဝတီတိုင်းကို စစ်ကောင်စီဘက်က ဒုတိယစစ်ခေါင်းဆောင် ကိုယ်တိုင်ဆင်းလာပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်တာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဧရာဝတီတိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ရခိုင်က ဂွအထိကို စစ်ဖြစ်နေတော့ ဧရာဝတီနဲ့ အဆက်အစပ်ဖြစ်နေတော့ ဧရာဝတီတပ်တွေကို နည်းနည်းလာကြည့်တဲ့သဘော နေမှာပေါ့။ စည်းရုံးရေး လာဆင်းတာ၊ စစ်ရေးအခြေအနေကို ကြိုတင်ပြင်ဆင်ဖို့ လာပြီးတော့ လာလုပ်တဲ့ အနေအထားပဲဖြစ်မှာပေါ့”
ဧရာဝတီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတိုက်ခိုက်နေတာကြောင့် ဂွမြို့သိမ်းတိုက်ပွဲပြီးရင် ဧရာဝတီတိုင်းကို ထိုးစစ်ဆင်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို ပြောပါတယ်။
ဒီဇင်ဘာလ ၁၂ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ကနေ တိုင်းစစ်ဌာန (ဧရာဝတီ) စတင်ဖွဲ့စည်းထားပါတယ်။
ဧရာဝတီတိုင်းရဲ့ အမှတ် (၂၉) ဗျူဟာကိုလည်း ဒီဇင်ဘာ ၂၇ ရက်နေ့က ထပ်မံဖွဲ့စည်းခဲ့တာကြောင့် ဧရာဝတီတိုင်းမှာ စစ်ပွဲတွေဖြစ်ပေါ်ဖို့ ပိုပြီးနီးစပ်လာနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။