တိုင်တန်းဖို့သွားတဲ့ အလုပ်သမား ၁၀၀ နီးပါး နေပြည်တော်အဝင်မှာ တားမြစ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ၃မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံ ပိုင်ရှင်ဟာ အလုပ်သမားအဖွဲ့အစည်းဥပဒေကို ချိုးဖောက် တာကြောင့် အရေးယူပေးဖို့ဆိုပြီး နေပြည်တော်၊ သမ္မတ ရုံးထံ တိုင်ကြားဖို့ ကြိုးစားတဲ့ အလုပ်သမား ၁ဝဝ နီးပါး ကို နေပြည်တော်အဝင်မှာ ဒီနေ့တားမြစ်ကြပါတယ်။

နေပြည်တော်အဝင်မှာ နိုဝင်ဘာလ ၃ဝ ရက်နေ့က တားဆီးခံရတဲ့ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားတွေကို တွေ့ရစဉ် Photo: Myo Thant Khaing/RFA

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၃မှာရှိတဲ့ တိုင်ရီဖိနပ်စက်ရုံပိုင်ရှင်ဟာ အလုပ်သမားအဖွဲ့အစည်း ဥပဒေကို ချိုးဖောက်တာကြောင့် အရေးယူပေးဖို့ဆိုပြီး နေပြည်တော်၊ သမ္မတရုံးထံ တိုင်ကြားဖို့ ကြိုးစားတဲ့ အလုပ်သမား ၁ဝဝ နီးပါးကို နေပြည်တော်အဝင်မှာ ဒီနေ့တားမြစ်ကြပါတယ်။

နေပြည်တော်အဝင် တိုးဂိတ်မှာ အတားခံရတာဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် မမိုးဝေက ပြောပါတယ်။

"အဓိကအကြောင်းရင်းက အဖွဲ့အစည်းဥပဒေကို ချိုးဖောက်တယ်၊ အလုပ်ရှင်ကနေပြီးတော့ ၂ဝ၁၁ ခုနှစ်၊ ၂ဝ၁၂ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေကို ချိုးဖောက်တဲ့ကိစ္စရပ်ကို သက်ဆိုင်ရာမြို့နယ် ညွှန်မှူးတွေကို တောင်းဆို တင်ပြခဲ့ပေမဲ့ သူတို့အနေနဲ့ တာဝန်မယူနိုင်ဘူး၊ ပြည်ထောင်စုဝန်ကြီးနဲ့ ညွှန်ကြားရေးမှူးချုပ်တွေကို တာဝန်ယူခိုင်း ပါဆိုတဲ့ အခြေအနေတွေဖြစ်တဲ့အတွက် ကျမတို့ နေပြည်တော်မှာလာရောက်နေပါတယ်၊ အခုတိုးဂိတ်မှာ ကျမ တို့ကို လုံခြုံရေးအရ ပိတ်ဆို့တားဆီးတာခံနေရပါတယ်"

ဒက္ခိဏသီရိခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းချွန်က အလုပ်သမားတွေပေးမယ့် တိုင်ကြားစာကို နိုင်ငံတော်သမ္မတရုံးထံ ပို့ပေးမှာဖြစ်ကြောင်းနဲ့ ရန်ကုန်မှာသာ ပြန်လည်ရှင်းလင်းကြဖို့ အခုလိုပြောဆိုပါတယ်။

"ခင်ဗျားတို့တင်ချင်တဲ့စာကို ကျနော်တို့ နေပြည်တော်ကောင်စီကနေတဆင့် သမ္မတဆီကို ဆင့်ကဲဆင့်ကဲ တင်ပေးလို့ရတယ်၊ ခင်ဗျားတို့အနေနဲ့ သမ္မတကြီးဆီကို ပေးမယ်ဆိုရင် ဒီစာသည် သမ္မတကြီးရုံး ကို သေချာပေါက်ရောက်တယ်၊ ကျနော်တို့ဆီက တင်တဲ့စာသည် မရောက်ဘူးဆိုတာမရှိဘူး"

မမိုးဝေနဲ့ အလုပ်သမား ၉၆ ယောက်ဟာ မော်တော်ကား ၃ စီးနဲ့ နေပြည်တော်မှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနရုံး နဲ့ နိုင်ငံတော်သမ္မတရုံးထံ တိုင်ကြားစာပေးဖို့အတွက် မနေ့ညက ရန်ကုန်ကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

တိုင်ရီဖိနပ်စက်ရုံက အခြေခံအလုပ်သမားသမဂ္ဂ အဖွဲ့ခေါင်းဆောင် မမိုးဝေနဲ့ မနွဲ့ယဉ်ဝင်းတို့ဟာ အလုပ်ကနေ ထုတ်ပယ်ခံထားရတာဖြစ်ပြီး စက်ရုံတွင်းမှာရှိတဲ့ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုတွေကို သူတို့ကို ပါဝင်ဖြေရှင်းခွင့်မပေးတဲ့အတွက် အလုပ်ရှင်ဟာ အလုပ်သမားအဖွဲ့အစည်း ဥပဒေကို ချိုးဖောက်တယ် လို့ ပြောတာဖြစ်ပါတယ်။

အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အလုပ်သမားသမဂ္ဂအဖွဲ့ခေါင်းဆောင်တွေ အလုပ်အမှုဆောင်တို့ဟာ အလုပ်သမားအရေးကိစ္စတွေမှာ ဝင်ရောက်တောင်းဆိုခွင့် ဖြေရှင်းခွင့်ရှိတယ်လို့ သိရပါတယ်။

အလုပ်သမားတွေကို တားဆီးရာမှာ ပါဝင်ခဲ့တဲ့ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က အဲဒီပြဿနာကို လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ညှိနှိုင်းဖို့ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီး အလုပ်ရှင်ကိုလည်း တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။ အလုပ်သမားတွေဟာ တားမြစ်ခံထားရတဲ့ တိုးဂိတ်ကနေ ရန်ကုန် ကို ပြန်လာတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org