အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်မှု တွေ့ရှိချက်တွေကို တိုင်းအစိုးရ သတင်းစာရှင်းလင်း
ချင်းတွင်းမြစ်အတွင်း ဟုမ္မလင်းကနေ မုံရွာ သွားတဲ့ အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုဟာ ရေကြောင်းနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်း တာကြောင့် ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွှန့်ဝင်း က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
-
2016-10-22 -
-
-
ချင်းတွင်းမြစ်အတွင်း ဟုမ္မလင်းကနေ မုံရွာသွားတဲ့ အောင်စိုးမိုးကျော် ရေယာဉ်နစ်မြုပ်မှုဟာ ရေကြောင်းနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွှန့်ဝင်း က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာအနီးမှာ အောင်စိုးမိုးကျော် နစ်မြုပ်မှု နဲ့ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို မုံရွာမြို့ မြသလ္လာခန်းမမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီရှင်းလင်းပွဲကို ချင်းတွင်းမြစ်ရေယာဉ်အသင်းဝင်တွေ၊ ရေယာဉ်ပိုင်ရှင်တွေ၊ လှေမော်တော် လုပ်သားတွေ၊ လှေ နစ်မြုပ်စဉ်က အသက်ရှင်ကျန်ခဲ့သူတွေလည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီရေယာဉ်ပေါ်မှာ လိုက်ပါလာသူအရေအတွက် အတိအကျကို အတည်မပြုနိုင်သေးပေမယ့် အနည်းဆုံး လူဦးရေ ၃ဝဝ နီးပါး လိုက်ပါလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ရေယာဉ်နစ်မြုပ်ပြီးနောက် အသက်ရှင်ကျန်ခဲ့သူ ၁၅၅ ဦးရှိပြီး သေဆုံးသူ တစ်ရာကျော် ရှိနိုင်တယ်လို့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွှန့်ဝင်း က ပြောပါတယ်။
လက်ရှိအချိန်ထိ အောင်စိုးမိုးကျော် ရေယာဉ်ပိုင်ရှင် ဦးဇော်မျိုးဝင်းကို ဖမ်းဝရမ်းထုတ်ထားဆဲဖြစ်ပြီး ယာဉ်ပေါ်အသက်ရှင်ကျန်ခဲ့တဲ့ လှေမော်တော်လုပ်သား ၄ ဦးကို လူသေမှုနဲ့ ဖမ်းဆီးထားပါတယ်။