ခြံနံပါတ် ၅၄ ပိုင်ဆိုင်မှု တရားသူကြီးချုပ်ထံ အယူခံဝင်ခွင့် လျှောက်ထား

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ ပိုင်ဆိုင်တဲ့ ခြံနံပါတ် ၅၄ ကို ပြတိုက်အဖြစ်ထားရှိဖို့ သဘောမတူဘူးလို့ ဦးအောင်ဆန်းဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး ကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့က တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ ပိုင်ဆိုင်တဲ့ ခြံနံပါတ် ၅၄ ကို ပြတိုက်အဖြစ်ထားရှိဖို့ သဘောမတူဘူးလို့ ဦးအောင်ဆန်းဦးက ပြောပါတယ်။

အဲဒီအိမ်အမှတ် ၅၄ ကို သမိုင်းဝင်ပြတိုက်ဖြစ်သင့်တယ်လို့ ဖေ့ဘုတ်လူမှုကွန်ရက်မှာ ပြောဆိုနေကြတာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ ဦးအောင်ဆန်းဦးက သဘောမတူကြောင်း ပြောကြားလိုက် တာဖြစ်ပါတယ်။

ဦးအောင်ဆန်းဦးနဲ့ သူ့ရဲ့ရှေ့နေ ဦးအေးလွင်တို့ဟာ နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးဆီ အယူခံဝင်ဖို့ ဒီနေ့မှာ လျှောက်ထားစဉ်မှာ ဦးအောင်ဆန်းဦးက ပြောကြားတာဖြစ် ပါတယ်။

ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းအတွက် ပြတိုက်ရှိနေပြီဖြစ်ကြောင်း၊ အမေရိကန်သမ္မတ အိုဘားမားလို ကမ္ဘာ့ခေါင်းဆောင်တွေ လာရောက်လည်ပတ်တာနဲ့ ပြတိုက်ဖြစ်ရမယ်ဆိုတာကို သဘောမတူဘူးလို့ ဦးအောင်ဆန်းဦးက ပြောပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြတိုက်အဖြစ်ထားချင်ရင် သူ့ပိုင်ဆိုင်မှုတဝက်ကို ဝယ်ယူပြီးလုပ်ချင်ရင် ရတယ်လို့ ဦးအောင်ဆန်းဦးက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org