အစိုးရတိုင်း တရုတ်ကိုကြောက်ရကြောင်း ဝန်ကြီးဟောင်း ဦးအောင်မင်းပြော

လက်ရှိ NLD အစိုးရအနေနဲ့ တရုတ်ကို သူ့ထက်တောင် ကြောက်နေရတဲ့အပြင် နောက်လာမယ့်အစိုးရအဆက်ဆက်လည်း ဆက်ကြောက်နေရဦးမယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်းက ဒီကနေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ သုတေသနစာတမ်း မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောလိုက်ပါတယ်။

သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်း ကို ပြည်ထောင်စု အင်စတီကျူ့ရဲ့ သုတေသနစာတမ်း မိတ်ဆက်ပွဲမှာ ၂၀၂၀ ဇန်နဝါရီ ၁၁ ရက်နေ့က တွေ့ရစဉ် Photo: Thant Zin Oo/RFA

လက်ရှိ NLD အစိုးရအနေနဲ့ တရုတ်ကို သူ့ထက်တောင် ကြောက်နေရတဲ့အပြင် နောက်လာမယ့်အစိုးရ အဆက်ဆက်လည်း ဆက်ကြောက်နေရဦးမယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်းက ဒီကနေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ သုတေသနစာတမ်း မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောလိုက် ပါတယ်။

"ကျွန်တော်ပြောချင်တာကတော့ တရုတ်ကို ကြောက်ရပါတယ်လို့လည်း ပြောခဲ့ပါတယ်၊ အခုလည်း ဒီအတိုင်းပဲ ဆက်ပြောရမှာပဲ၊ အခုလည်းကြောက်နေတာပဲ၊ နောက်တက်တဲ့အစိုးရတွေလည်း ကြောက်နေတာပဲ၊ ကျွန်တော့ ထက်တောင် ပိုကြောက်တယ်၊ ဟုတ်လား၊ နောက်လူတွေ ဒီထက်ပိုကြောက်ဦးမယ်၊ တရုတ်က တကယ်တော့ ငြိမ်းချမ်းရေးကိုလိုလားပါတယ်၊ ဘာလို့လိုလားလည်းဆိုတော့ ငြိမ်းချမ်းရေးရမှာ သူက အကျိုးစီးပွားတွေဖြစ်မှာ ကိုး"

နောက်တက်လာမယ့် အစိုးရလည်း တရုတ်ကို ကြောက်နေရဦးမှာဖြစ်တယ်လို့လည်း ဦအောင်မင်း က ဆိုပါတယ်။

တရုတ်နိုင်ငံက သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေရေး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ လိုလားတယ်လို့ ယူဆကြောင်း ဒီကနေ့ ရန်ကုန်မြို့မှာ ပြည်ထောင်စုအင်စတီကျူ့အဖွဲ့က ပြုလုပ်တဲ့  အမျိုးသားလွှတ်တော်နဲ့ ဖက်ဒရယ်အိပ်မက်၊ တိုင်းရင်းသားလက်နက်ကိုင်တို့ရဲ့ လောကအမြင် သုတေသနစာတမ်း မိတ်ဆက်ပွဲမှာ ဦးအောင်မင်း က ထည့်ပြောခဲ့တာပါ။

ဒီပြောဆိုချက်အပေါ် NLD အစိုးရရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိမလဲဆိုတာ သိနိုင်အောင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကို RFA ကဆက်သွယ်ပေးမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် ကတော့ တရုတ်ကိုမြန်မာအစိုးရက ကြောက်မနေဘူးလို့ ဆိုပါတယ်။

"ဒါကတော့ သူ့ရဲ့ထင်မြင်ချက်ပေါ့လေ၊ ကျွန်တော်တို့ကတော့ တရုတ်ပြည်ဟာ မြန်မာပြည်ရဲ့ အရေးကြီးတဲ့ အိမ်နီးချင်းဆိုတာ အသိအမှတ်ပြုပါတယ်၊ ဒါပေမဲ့ တန်းတူညီတူ ဆက်ဆံရေးကို ကျွန်တော်တို့ ဖော်ဆောင်နေ တယ်ဆိုတာ အထင်အရှားမြင်နိုင်ပါတယ်ဆိုတာ ပြောချင်ပါတယ်။"

NLD အစိုးရဟာ တရုတ်နဲ့ပိုနီးကပ်လာတာ အမှန်ပဲလို့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျူ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး က ပြောပါတယ်။

"အရင်တုန်းက ကျွန်တော်တို့ထင်ထားခဲ့တာက ၂၀၁၅ နောက်ပိုင်းမှာ NLD အစိုးရအာဏာရလာပြီးရင်တော့ ဒီထက်ပိုပြီးတော့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးပိုပြေပြစ်လာမယ်၊ နိုင်ငံတကာမှာ ပိုကောင်းလာမယ် ဆိုပြီးတော့ စဉ်းစားခဲ့ကြတာရှိတယ်၊ ဒါပေမဲ့ အဲတာက လက်တွေ့မှာတော့ မဖြစ်ခဲ့တာသေချာပါတယ်၊ နောက်ဆုံးတော့ ဘာဖြစ်ခဲ့လဲဆိုတော့ အင်မတန်ကျွန်တော်တို့နဲ့ နီးကပ်နေခဲ့တဲ့ အိမ်နီးချင်း တရုတ်ဘက်ကိုပဲ စီးပွားရေးအရ ပြန်မှီခိုရတယ်။"


ဦးအောင်မင်းရဲ့ ပြေဆိုမှုကို ရှုတ်ချလိုက်တာကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ပါ။

"အဲဒီသဘောထားကတော့ ဝန်ကြီးတစ်ယောက်အနေနဲ့ အတော့်ကိုညံ့ဖျင်းတဲ့ နိမ့်ကျတဲ့သဘောထားပဲ၊ ဒီလို သဘောထားမျိုး ဖော်ပြတယ်ဆိုတာ တော်တော်တော့ နိမ့်ကျညံ့ဖျင်းတဲ့ အယူအဆဖြစ်ပါတယ်၊ ကျွန်တော်တို့ နိုင်ငံချင်းဆက်ဆံရေးမှာ နိုင်ငံကြီးတွေကို နိုင်ငံငယ်တွေအနေနဲ့ လိုက်လျောရတာတွေ မှီခိုရတာတွေ အသွင် သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိကြတာပဲ၊ ဒါပေမဲ့ မူမဲ့စွာ ကျွန်တော်တို့က ခေါင်းထိုးပေးဖို့ အညံ့ခံဖို့မလိုဘူးဗျ၊ ဘယ်သူ့ကို ကြောက်တယ်၊ ဘယ်သူ့ကို မကြောက်ဘူးဆိုတာ ပြောစရာလည်း မလိုပါဘူးဗျ။"


ဒီသဘောထားကို ထပ်ပြီးပြောလာတာဟာ ကျွန်စိတ်အမြစ်စွဲပြီး မကုန်တော့ဘူးလို့ မြင်တယ်လို့လည်း ဦးသန်းစိုးနိုင် ကဆိုပါတယ်။

NLD အစိုးရက တာဝန်တစ်ခုခုပေးဖို့ ချဉ်းကပ်လာမယ်ဆိုရင် ဘယ်လိုအကူအညီပေးနိုင်မလဲလို့ RFA က မေးတဲ့အခါမှာ အခုအချိန်က သိပ်နောက်ကျနေပြီလို့ ဦးအောင်မင်း ကဖြေပါတယ်။

"ဒီအချိန်ကျမှတော့ အချိန်ကုန်နေပြီ၊ ဘယ်အချိန်လုပ်မှာလဲ၊ ကျွန်တော်ပြောပြမယ် ခင်ဗျားတို့အစိုးရဆိုတာ ဒီမိုကရေစီခေတ်မှာ ငါးနှစ်မှာ ပထမနှစ်မှာ လေ့လာရေးတွေလုပ်တာပဲ၊ သူက ဘာတွေလုပ်ရင်ကောင်းမလဲဆိုတာ၊ အဲတာနဲ့လေ့လာရင်းနဲ့ အချိန်ကုန်သွားတယ်၊ လေ့လာပြီးတော့ သူက တစ်နှစ်ခွဲလောက် အလုပ်လုပ်တော့တာပဲ၊ အလုပ်လုပ်ချိန် တစ်နှစ်ခွဲလောက်ပဲရှိတာ၊ ပြီးတော့ တဝက်ကျိုးသွားတဲ့အခါမှာ နောက်ရွေးကောက်ပွဲအတွက် ပြန်ပြင်ဆင်တာပေါ့၊ အခုကဘာလဲဆိုတော့ နောက်ရွေးကောက်ပွဲအတွက် ပြန်ပြင်ဆင်နေတာ ငြိမ်းချမ်းရေးက အရင်တုန်းက နံပါတ်တစ်၊ နောက်ဒုတိယကိုရောက်တယ်၊ အခုဘိတ်ကိုရောက်သွားပြီ၊ အဲတော့ ဘယ့်နှယ့်လုပ် ခင်ဗျားတို့ ငြိမ်းချမ်းရေးကရမှာလဲ။"

အခုသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သူ့အနေနဲ့ အားမရအကြောင်းနဲ့ တိုင်းရင်းသားဒေသတွေကို တိုးတက်အောင်လုပ်ဖို့ တိုင်းရင်းသားနိုင်ငံရေးလုပ်ရမယ်လို့ RFA ကိုပြောပါတယ်။

တိုင်းရင်းသားအဖွဲ့တွေကလည်း ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ရရှိဖို့ လွှတ်တော်ကနေဆောင်ရွက်ရမှာဖြစ်လို့ လွှတ်တော်ထဲရောက်အောင် ဆောင်ရွက်ကြဖို့ တနည်းအားဖြင့် လွှတ်တော်ကို အာဏာသိမ်းဖို့ တိုက်တွန်းတယ် လို့လည်း ဦးအောင်မင်း ကပြောပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထင်သလောက်ခရီးမရောက်တာဟာ ချဉ်းကပ်တဲ့နည်းလမ်းတွေ မှားနေ တာကြောင့်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ စိုင်းညွန့်လွင် ကပြောပါတယ်။

"ချဉ်းကပ်ပုံချဉ်းကပ်နည်းလွဲနေတယ်လို့ ကျွန်တော်ထင်ပါတယ်၊ အဲတာကြောင့် နည်းနည်း ခရီးမရောက် တာပေါ့လေ ဆိုတော့ ကျွန်တော်တို့ ပန်းတိုင်တစ်ခုကိုသွားတဲ့အခါမှာ ရွေးတဲ့လမ်းက မှန်ဖို့လိုတယ်လေ၊ လမ်းမှန်တယ်ဆိုရင် မြန်မြန်ရောက်မယ် မပင်ပန်းဘူးပေါ့နော်၊ လမ်းမမှန်ဘူးဆိုရင်တော့ ကွေ့ဝိုက်ပြီး လမ်းပြန်ရှာနေရာတာပေါ့၊ အဲဒီသဘောပါပဲ။"

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှေးကွေးတာဟာ အစိုးရတစ်ခုတည်း လုပ်လို့ရတာမဟုတ်သလို ရာစုနှစ်ဝက်ကြာအောင် ဖြစ်ပေါ်ခဲ့တဲ့  မယုံကြည်မှုတွေကို လုပ်ဆောင်နေရတာဖြစ်လို့ တိုးတက်မှုလည်းရှိနိုင်သလို နှေးကွေးတာ လည်းရှိနိုင်တာမို့ ငြိမ်းချမ်းရေးလုပ်ငန်းမှာ ပါဝင်တဲ့သူတွေအားလုံးမှာ တာဝန်ရှိတယ်လို့ ဒေါက်တာမျိုးညွန့် က ဆိုပါတယ်။

တရုတ်သမ္မတရှီကျင့်ဖျင်ရဲ့ မြန်မာပြည်ခရီးစဉ်နောက်ပိုင်းမှာ တရုတ်မြန်မာဆက်ဆံရေးဟာ အရင်ကထက်ပိုပြီး နီးကပ်လာသလို တရုတ်ရဲ့လွှမ်းမိုးမှုဟာလည်း မြန်မာပြည်မှာ ပိုများလာပါတယ်၊ မြန်မာအစိုးရဘက်ကလည်း တရုတ်ကိုပိုပြီးတော့ အားကိုးလာတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ပိုပြီးရှိလာနေတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org