ဒေါ်အောင်ဆန်းစုကြည် ဘုရားဖူးထွက်မည်
လာမယ့် သီတင်းပတ်အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည် ဘုရားဖူးခရီးစဉ် ခရီးထွက်ဖို့ ရှိပါတယ်။
-
2011-07-01 -
-
-
နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၁၀ ရက်အကြာ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ၁၀ နှစ်ကျော် ခွဲခွါနေခဲ့ရသော သားငယ် ကိုထိန်လင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံဘုရားသို့ တက်ရောက် ဖူးမျှော်နေစဉ်။
AFP
ဒါဟာနောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ် (၇) နှစ် ထိမ်းသိမ်းခံရပြီး ပြန်လွတ်လာတဲ့နောက် ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ပတ်သက်လို့ နယ်ဝေး ရက်ရှည်သွားတဲ့ ခရီးစဉ် ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာမြန်မာပြည်ကို အလည်အပတ် ရောက်နေတဲ့ သားငယ် မောင်ထိန်လင်းခေါ် ကင်းမ် အဲရစ်နဲ့ အတူ ပုဂံက စေတီ ပုထိုးတွေကို (၅) ရက်ကြာ သွားရောက်ဖူးမျှော်မှာ ဖြစ်တယ်လို့ NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးဟန်သာမြင့်က အာအက်ဖ်အေကို ပြောပါတယ်။
"သူ့ရဲ့ကိုယ်ရေးကိုယ်တာ အနေနဲ့ဘဲ သွားမှာ ဖြစ်ပြီးတော့ အများ ပြည်သူနဲ့ တွေ့ဖို့ အစီအစဉ် မရှိပါဘူး။ ဒါက ကျနော်တို့ အစက ပြောနေတဲ့ နယ်ခရီးစဉ်ဆိုတာတွေနဲ့ လုံး၀ ပတ်သက်ခြင်း မရှိပါဘူး။ ဘုရားသွားဖူးဖို့ ပါဘဲ။ ဘယ်သူနဲ့မှလည်း တွေ့ဖို့ အစီအစဉ် မရှိ ပါဘူး။ သူတို့ မိသားစု ကိစ္စဘဲ ဖြစ်ပါတယ်။
တနင်္လာနေ့လောက် သွားပြီးတော့ သောကြာနေ့ လောက်အထိ ကြာလိမ့်မယ်လို့ ကျနော်တို့ သဘောပေါက်ထားပါတယ်။"
ဒီရက်ပိုင်း အတွင်း အစိုးရထုတ် သတင်းစာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှု တွေကြောင့် တိုင်းပြည်မှာ ဆူပူမှုတွေ ဖြစ်လာနိုင်တယ်လို့ ရေးသားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ် ခြိမ်းခြောက် ရေးသားလာတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အစိုးရတွေက
အထူးပဲ စိုးရိမ်မကင်း ဖြစ်မိတယ်လို့ တုံ့ပြန် ပြောဆိုခဲ့ကြပါတယ်။