ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင်း အာဏာပိုင် ဟန့်တားမှု

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာ ညောင်ဦးမြို့နယ်နားက ဇီးအို ကျေးရွာမှာ ရှိတဲ့ ရှားပါး သဘာ၀ သစ်တောဝိုင်း တခုကို သွားရောက် လေ့လာပြီး အဲဒီရွာမှာ လိုအပ်နေတဲ့ သောက်သုံးရေနဲ့ ကျန်းမာရေး ဆေးပေးခန်း အတွက် ဘယ်လို ကူညီနိုင်မလဲ ဆိုတာကို ဒေသခံတွေနဲ့ ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးစဉ် အတွင်း ၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ကြိုဆိုနှုတ်ဆက်ကြတဲ့ ဒေသခံတွေကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်နှုတ်ဆက်နေပုံ။ ဓါတ်ပုံ - Yonhap News Yonhap News

ဇီးအိုရွာ သစ်တောဝိုင်းကို လေ့လာရာမှာ နဂိုက ဒေါ်အောင်ဆန်းစုကြည်ကို လိုက်လံ ရှင်းပြဖို့ စီစဉ်ထားတဲ့ ကျေးရွာ အာဏာပိုင် တဦးကို မြို့နယ် အာဏာပိုင်တွေက တားမြစ်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လိုက်ပါသွားသူ ဦးခွန်သာမြင့်က ပြောပါတယ်။

"မနက် ၉ နာရီလောက်မှာ ညောင်ဦးမြို့နယ်ထဲမှာ တူရွင်းတောင်ရဲ့ မြောက်ဖက် ၆ မိုင်ခွဲလောက်မှာရှိတဲ့ ဇီးအို ဆိုတဲ့ရွာနားမှာ သဘာ၀ အင်ကြင်းတော တခုကိုသွားတယ်။ ဧက ၄၀ လောက်ရှိတယ်။ အဲဒါ ဇီးအိုရွာမှာ အရင် ရဝတ ဥက္ကဌ လုပ်သွားတဲ့လူက သူ့ကို မဝတ က မနေ့ကထဲက သတင်းကြားလို့ လှမ်းပြောတယ်လို့ ပြောတယ်။ ရှင်းမပြပါနဲ့ပေါ့။ မပြောရဘူးလို့ ပြောထားတဲ့အကြောင်း သိရတယ်။"

အစ ကနဦးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ မန္တလေးတိုင်းက လုံခြုံရေး အဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသူတွေနဲ့ ဇီးအိုရွာမှာ နေ့လည်စာ စားဖို့ စီစဉ်ထားခဲ့ပေမယ့် အစီအစဉ်ကို ဖျက်လိုက်ပြီး ပါလာတဲ့ အစားအသောက် အားလုံးကို ဒေသခံ ရွာသားတွေ အတွက် ဝေငှပေးလိုက်တယ်လို့ NLD ဦးခွန်သာမြင့်က ပြောပါတယ်။

ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ညောင်ဦးမြို့မှာ ဈေးဝယ်ခဲ့ပြီး မနက်ဖြန် သောကြာနေ့ မနက်မှာတော့ မန္တလေး လေကြောင်းလိုင်းနဲ့ ရန်ကုန်ကို ပြန်လည် ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဦးခွန်သာမြင့်ကို RFAမှ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org