ဘီဘီစီ ရေဒီယို- ဖိုး အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ထပ်မံ ဟောပြော
အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရပ်တည်မှုနဲ့ ပတ်သက်လို့ အစိုးရ ပြည်ထဲရေး ဝန်ကြီး ဌာနက ဥပဒေနဲ့ မညီဘူးလို့ ပြောပေမယ့် အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီဟာ မြန်မာနိုင်ငံမှာ တရားဝင် ရပ်တည်နေတဲ့ ပါတီ ဖြစ်တယ်လို့ ဘီဘီစီ ရေဒီယို ဖိုး အသံလွှင့် အစီအစဉ်မှာ မနေ့က ပြောကြားလိုက် ပါတယ်။
-
2011-07-06 -
-
-
၂၀၁၁ ခုနှစ်အတွက် ဘီဘီစီ ရေဒီယို- ဖိုး၏ Reith Lectures အစီအစဉ်တွင် အာဏာရှင်အုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီရေး လှုပ်ရှားမှုအကြောင်း ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဟောပြောသည်။
RFA
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယပိုင်း ဟောပြောချက်မှာ မြန်မာနိုင်ငံက အတိုက်အခံ လှုပ်ရှားမှုတွေ အကြောင်းကို နိုင်ငံတကာက အတိုက်အခံတွေ လှုပ်ရှားမှုတွေနဲ့ နှိုင်းယှဉ် ပြောပြသွားပါတယ်။ အထူးသဖြင့် ၁၉၈၈ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက် နှစ်ပေါင်း ၂၃ နှစ်တာ ကာလ အတွင်း အမျိူးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဘယ်လို ရပ်တည် လှုပ်ရှားနေသလဲ ဆိုတာလည်း ရှင်းပြ သွားပါတယ်။
NLD ဟာ တရားမဝင် အဖွဲ့အစည်း မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ တရားမဝင် အဖွဲ့အစည်း ဆိုင်ရာ ဥပဒေနဲ့ NLD ငြိစွန်းနေတာမျိူး မရှိလို့ပါ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နောက်ပြီး NLD ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ ပြောဆိုတဲ့ အခါမှာ ရွေးကောက်ပွဲ အနိုင်ရ ပါတီကနေ အတိုက်အခံ ပါတီ ဖြစ်လာပုံကို ရှင်းပြပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ရင် မတရား ဖျက်သိမ်းတာ၊ ရွေးကောက်ပွဲ ရလဒ်ကို အငြင်းပွားတာ၊ ဒါမှမဟုတ် လျစ်လျူရှုတာ၊ စတဲ့ နိုင်ငံတွေ ရှိပါတယ်။
ဒါပေမယ့် အာဏာပိုင်တွေ ကိုယ်တိုင် ရွေးကောက်ပွဲ ရလဒ်ကို တရားဝင် ကြေညာပြီးမှ အကောင်အထည် မဖေါ်ခဲ့တဲ့ နိုင်ငံဆိုလို့ မြန်မာနိုင်ငံ တနိုင်ငံပဲ ရှိပါတယ်။ ဒါကြောင့် အင်န်အယ်လ်ဒီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရ ပါတီကြီး ဖြစ်ပေမယ့် အာဏာလွှဲပေးတာ မခံရဘဲ စစ်အုပ်ချုပ်ရေး အောက်မှာ အတိုက်အခံ ဆိုတဲ့ အနေအထား ကို ရောက်လာတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
နောက်ပြီး မြန်မာ့ လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းကြောင်း နဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု သမိုင်းကြောင်း တွေကိုလည်း ပြောပြပါတယ်။ ဒါ့အပြင် ဒီလှုပ်ရှားမှုတွေကို သူ ဘယ်လို သုံးသပ် ရှုမြင်သလဲ ဆိုတာကို ရှင်းပြသွားပါတယ်။
ဒါကြောင့် ဒီဒုတိယပိုင်း ဟောပြောချက်ဟာ မြန်မာ့အရေး စိတ်ဝင်စားတဲ့ နိုင်ငံတကာ ပရိသတ်တွေ အတွက် ပိုပြီး စိတ်ဝင်စားဖွယ် ကောင်းစေတယ်လို့ ကိုယ်တိုင် တက်ရောက် နားထောင်ခဲ့သူ လန်ဒန်မြို့မှာ နေထိုင်တဲ့ ပန်းချီ အနုပညာရှင် ကိုထိန်လင်းက ပြောပါတယ်။
တတ်ရောက် နားထောင်တဲ့ ပရိသတ်တွေဟာ နယ်ပယ်စုံက လာတာ တွေ့ရတယ်။ ပညာရှင်၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ သတင်းထောက်တွေ ပါတယ်။ မြန်မာနိုင်ငံသား တယောက် အနေနဲ့ ဂုဏ်ယူမိတယ်လို့ ကိုထိန်လင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပို့ချချက်ကို တက်ရောက် နားထောင်ခဲ့တဲ့ သတင်းထောက် တဦးကလည်း သူ ဆီးရီးယားနိုင်ငံမှာ အခု ဖြစ်နေတဲ့ အစိုးရ အတိုက်အခံ လှုပ်ရှားမှုတွေကို သတင်း သွားယူတုန်းက ဆိုရင် ဆီးရီးယား ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို စံနမူထား လေးစား ကြည်ညိုတာ တွေ့ခဲ့ရတယ်လို့ ပြောပြသွားပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ အစိုးရ အာဏာပိုင်တွေက နှစ်ပေါင်း များစွာ ချုပ်နှောင် တားဆီးထားပေမယ့် သူရဲ့ယုံကြည်ချက်၊ သန္နိဋ္ဌာန် ခိုင်မာမှုတွေဟာ ကမ္ဘာတလွှားက ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အတွက် မီးရှုး တန်ဆောင် ဖြစ်နေတယ်လို့ ဟောပြော ပို့ချချက် စီစဉ်သူတွေက မှတ်ချက်ပေး ပြောဆိုသွားပါတယ်။