ဒေါ်အောင်ဆန်းစုကြည် နမ္မတီးမှာ စည်းရုံးဟောပြောခွင့် အပိတ်ခံရ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာ နမ္မတီးဒေသတွင်း စည်းရုံး ဟောပြောခွင့်ကို မိုးကောင်းမြို့ ရွေးကောက်ပွဲကော်မရှင်က တားမြစ်လိုက်ပါတယ်။
-
2012-02-19 -
-
-
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၂၃ နဲ့ ၂၄ ရက်နေ့မှာ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ခရီးစဉ်အတွင်း နမ္မတီး ကျေးရွာအုပ်စုမှာ စည်းရုံးဟောပြောခွင့်ကို လုံခြုံရေးအရ တားမြစ်တယ်လို့ မိုးကောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။ ဒီစာကို ဒီကနေ့ လက်ခံရရှိတာ ဖြစ်တယ်လို့ နမ္မတီး NLD တာဝန်ခံ ဦးဝင်းဗိုလ်က ပြောပါတယ်။
လူ တစ်သိန်းလောက် ဆန့်တဲ့ နမ္မတီး ဘောလုံးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူထု စည်းရုံးရေး ဟောပြောခွင့်ရဖို့ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအတိုင်း နမ္မတီး NLD အနေနဲ့ သက်ဆိုင်ရာကို ၁ဝ ရက် ကြိုတင် လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။
ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးကောင်းနဲ့ ဗန်းမော် မြို့နယ်တွေကို ဒေါ်အောင်ဆန်းစုကြည် အဓိက သွားရောက်ပြီး စည်းရုံးဟောပြောမှာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သွားရောက်မှာဖြစ်ပါတယ်။