ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်းခရီးစဉ် ထိုင်းအစိုးရ ကန့်သတ်

ထိုင်းအစိုးရဟာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးထိခိုက်မှာ စိုးရိမ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်း ခရီးစဉ်မှာ အကန့်အသတ်တွေ ချမှတ်ခဲ့ကြောင်း နယူးယောက်တိုင်း သတင်းစာက ဖော်ပြလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက ကြိုဆိုနေစဉ်။ AFP

အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လစခန်းကို သွားရောက်ခွင့်ရဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို နောက်ဆုံးအချိန်မှာ ထိုင်းအစိုးရက ခွင့်ပြုလိုက်ပေမဲ့ လူထုဟောပြောပွဲ လုပ်ခွင့်မပြုတဲ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ခွင့် မပြုခဲ့ပါဘူး။

နိုင်ငံတကာ သတင်းထောက်တွေကိုလည်း သတင်းယူခွင့် ပိတ်ပင်ခဲ့တယ်လို့ နယူးယောက်တိုင်းက ရေးသားပါတယ်။

မယ်လ ဒုက္ခသည်စခန်းရှိရာ တပ်ခရိုင် အုပ်ချုပ်ရေးမှူး ဆူရီယာ ပရာဆပ် ဘန်တစ်ယာက - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်း ခရီးစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက သိပ်လူသိမခံဘဲ သိုသိုသိပ်သိပ်လုပ်ဖို့ ပြောထားပါတယ်။ သတင်းထဲလည်း မပါစေချင်ပါဘူး။ မြန်မာအစိုးရနဲ့ ဆက်ဆံရေး ထိခိုက်မှာ စိုးရိမ်နေတယ်လို့ နယူးယောက်တိုင်းကို ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံမှာ ရှိနေစဉ်အတွင်း သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ထိုင်း ခရီးစဉ်ကို နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org